အင်းလေးကန် ရေပြန်မကျသေးတာကြောင့် ဖောင်တော်ဦးဘုရားပွဲမကျင်းပနိုင်
ရန်ကုန် - ၂၀၂၄ အောက်တိုဘာ ၁၀ (မော်ကွန်း)
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေပြန်မကျသေးတာကြောင့် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ဒီနှစ်မှာ မကျင်းပဖြစ်တော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အင်းလေးကန်ဒေသမှာလည်း ရေလွှမ်းမိုးနစ်မြုပ်ခဲ့ပါတယ်။
လက်ရှိမှာ တစ်လနီးပါးကြာပြီဖြစ်ပေမယ့် အင်းလေးကန်ရေမျက်နှာပြင် သိသိသာသာကျဆင်းဖို့လိုနေသေးပြီး ကျေးရွာအများအပြားလည်း ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။
အင်းလေးကန်ရဲ့ အထင်ကရ အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တော်နဲ့ ကျောင်းဆောင်တွေ အားလုံးနီးပါးဟာ လက်ရှိအချိန်ထိ ရေနစ်မြုပ်နေဆဲဖြစ်တာကြောင့် ဘုရားပွဲကိုလည်း မကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။
ဖောင်တော်ဦးဘုရားရဲ့ ဘုရားရင်ပြင်တော်ထိ လှေတွေနဲ့ သွားလာနေရပြီး ဒေသခံတွေလည်း ရေဘေးသင့်နေတဲ့ အခြေအနေတွေကြောင့် ဘုရားပွဲကျင်းပဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ၎င်းက ပြောပါတယ်။
“ဂေါပကတွေနဲ့ တာဝန်ရှိသူတွေပေါ့၊ သူတို့က ဒီပူဇော်ပွဲမလုပ်ဖြစ်တော့ဘူးဆိုတာ တခြားကျောင်းတိုက်တွေကို လိုက်အကြောင်းကြားထားတယ်။ ဒီနှစ်တော့ မလုပ်ဖြစ်တော့ဘူးပေါ့နော်” လို့ အင်းလေးဒေသခံက ပြောပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၀ ကိုဗစ်ကာလတုန်းကလည်း မကျင်းပဖြစ်ခဲ့သလို စစ်အာဏာသိမ်းပြီး ၂၀၂၁ နဲ့ ၂၀၂၂ တွေမှာလည်း မကျင်းပဖြစ်ခဲ့ဘဲ မနှစ်ကမှ ပြန်လည်ကျင်းပခဲ့တာပါ။
မနှစ်ကတော့ ဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပွဲကို သီတင်းကျွတ်လဆန်း ၁ ရက်နေ့ကနေ လပြည့်ကျော် ၃ ရက်နေ့ထိ ၁၈ ရက်ကြာ ကျင်းပခဲ့တာပါ။
အင်းလေးကန်ဟာ ကချင်ပြည်နယ်က အင်းတော်ကြီးကန်ပြီးရင် မြန်မာနိုင်ငံရဲ့ ဒုတိယမြောက်အကြီးဆုံးရေကန်ဖြစ်ပြီး ညောင်ရွှေချိုင့်ဝှမ်းအလယ်၊ တောင်တန်းတွေကြားမှာ တည်ရှိတာပါ။
ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်မှာ အင်းလေးကန်ဒေသက ကျေးရွာပေါင်း ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ကန်ရဲ့ ပထဝီအနေအထားအရ ရေထွက်ပေါက်နည်းပါးတာကြောင့် ရေပြန်ကျဖို့က လနဲ့ချီပြီး ကြာမြင့်နိုင်တယ်လို့ အင်းလေးဒေသခံတွေက ခန့်မှန်းထားပါတယ်။
လက်ရှိမှာ အင်းလေးဒေသခံ နှစ်သောင်းကျော်ဟာ ရေဘေးပြန်လည်ထူထောင်ရေးစခန်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တစ်လနီးပါးထိ ခိုလှုံနေကြရပြီး အကူအညီတွေလည်း လိုအပ်နေတာပါ။
🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews