ပြည်သူကို ကိုယ်စားမပြုတဲ့ စစ်ခေါင်းဆောင် ဘေးဒုက္ခကူညီရေးအကြောင်းပြချက်ဖြင့် အာဆီယံနဲ့တွေ့မယ့်အပေါ် စိုးရိမ်ကြောင်း ကေအဲန်ယူအပါအဝင် အဖွဲ့ ရှစ်ဖွဲ့ ကြေညာ
ကော်သူးလေ - ၂၀၂၅ ဧပြီ ၁၇ (မော်ကွန်း)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတဲ့အပေါ် စိုးရိမ်မှုတွေရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင် အဖွဲ့ရှစ်ဖွဲ့က ကြေညာထားပါတယ်။
ပုံစာ - စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငလျင်ဘေးသင့်သည့် အင်းလေးကန် ဖောင်တော်ဦးဘုရားသို့ ရောက်ရှိစဉ်
ဓါတ်ပုံ - CINCDS
အဓိကကတော့ မြန်မာစစ်ခေါင်းဆောင်ဟာ ငလျင်ဘေးကျရောက်ပြီး အခါကြီးရက်ကြီးဖြစ်နေတာတောင် မရှောင်ဘဲ ပြည်သူတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ရေးပစ်မှတ်ထား သတ်ဖြတ်နေတဲ့အချိန် အခုလို ဘေးဒုက္ခကူညီရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့်အပေါ် အထူးစိုးရိမ်မကင်းဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
"နေ့စဉ်နဲ့အမျှ ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်ကို ခေါ်ပြီးတော့ ဒီလိုတွေ့တယ်ဆိုတာက ဒါဟာ ကျွန်တော်တို့အနေနဲ့ အများကြီးစိုးရိမ်မိတယ်"လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကို ပြောပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်တွေထဲက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ဆိုတဲ့မူကို ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်နေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးကာလမှာ အခုလ ၂ ရက်ကနေ ၂၂ ရက်ထိ ယာယီအပစ်ရပ်မယ်လို့ ကြေညာခဲ့ပေမယ့် ပုံမှန်အတိုင်းပဲ လေကြောင်းထိုးစစ်တွေ ဆင်ခဲ့ပြီး အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရဲ့ ၂၂ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်စွမ်းရှိပြီး လူသားချင်းစာနာကူညီမှုတွေကို ကျန်တဲ့နေရာတွေထိန်းချုပ်ထားတဲ့ NUG အဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့တွေကိုလည်း ချိတ်ဆက်ထောက်ပံ့ဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။
"အဲဒီ ငလျင်တစ်ခုတည်းမဟုတ်ဘူး၊ ငလျင်မတိုင်ခင်ကတည်းက ကျွန်တော်တို့ နယ်မြေထဲမှာ ပစ်မှတ်ထားပြီးတော့ လူထုကို ရက်စက်၊ ကြမ်းကြုတ်စွာ သတ်ဖြတ်နေတာတွေကို ဒီကနေ့ထိပဲ လုပ်ဆောင်နေတယ်ဆိုတာ သုံးသန်းကျော်၊ လေးသန်းလူထုတွေ ပြေးလွှား(စစ်ရှောင်)နေကြရတယ်ဆိုတာ မျက်ကွယ်ပြုလို့မရဘူး"လို့ ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောတောနီးကပြောပါတယ်။
စစ်ကောင်စီတင်မကဘဲ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေအတွက်ပါ အကူအညီတွေ ပေးနိုင်တဲ့ အနေအထားတစ်ခုကို အာဆီယံက ဖန်တီးဖို့လိုကြောင်းနဲ့ ဒါမှသာ လူသားချင်းစာနာထောက်ထားမှုစံနှုန်းတွေနဲ့ ကိုက်ညီမယ်လို့ ပဒိုစောတောနီးကပြောပါတယ်။
ငလျင်ဘေးဖြစ်စက နိုင်ငံတကာအကူအညီတွေ စစ်ကောင်စီထံရောက်လာမှုအပေါ် စောင့်ကြည့်မှုတွေ ပြုလုပ်သင့်ကြောင်းနဲ့ ၂၀၀၈ နာဂစ်မုန်တုန်းတုန်းက စစ်တပ်ရဲ့ လက်စလက်နတွေ ရှိခဲ့တာကို သတိပြုဖို့ ကေအဲန်ယူက ထုတ်ပြန်ဖူးပါတယ်။
လူသားချင်းစာနာထောက်ထားမှုတွေကို စစ်ခေါင်းဆောင်ထံကသာတစ်ဆင့်ပေးအပ်တာကို အာဆီယံက ဆုံးဖြတ်လုပ်ဆောင်လာခဲ့ရင် အပြင်းအထန်ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကျောင်းသားတပ်မတော်(ABSDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC)နဲ့ အမည်မဖော်လိုတဲ့ အင်အားစုတွေက ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။