လုပ်ခလစာတိုးမြှင့်ရရှိရေး ချန်းရီဖိနပ်စက်ရုံဝန်ထမ်းတွေ ဆက်လက်ဆန္ဒပြနေ
ရန်ကုန် - ၂၀၂၅ မေ ၁၉ (မော်ကွန်း)
လုပ်ခလစာ တိုးမြှင့်ရရေး တောင်းဆိုဆန္ဒပြနေတဲ့ ချန်းရီ (Tsang Yih) ဖိနပ်စက်ရုံ ဝန်ထမ်းတွေဟာ ငါးရက်မြောက်အဖြစ် ဒီနေ့ထိလုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်ဆန္ဒပြ တောင်းဆိုနေတယ်လို့ ၎င်းစက်ရုံဝန်ထမ်းတချို့က ပြောပါတယ်။
ဒီနေ့မှာ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားများ
ရုပ်သံ - Ei Ei Tiktok
ပြီးခဲ့တဲ့နှစ်ရက်တုန်းကတော့ ဖိနပ်စက်ရုံနဲ့ အလုပ်သမားကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းခဲ့ကာ လုပ်ခလစာ တစ်ရက် ၉၀၀ ကျပ်တိုးမြှင့်ပေးဖို့ သဘောတူခဲ့ပေမယ့် ဆန္ဒပြဝန်ထမ်းတွေရဲ့ ဆန္ဒမပါတဲ့အတွက် ဒီနေ့မှာ ဆက်လက်ဆန္ဒပြနေတယ်လို့ ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
“အရင်က တစ်ရက်ကို ဒေးကြေးက ၅,၂၀၀ နဲ့ ထောက်ပံ့ကြေး ၂,၀၀၀၊ ဆန်ဆီဖိုးက ၄၀၀ ပေးထားတယ်။ အခု ဒေးကြေး ၁၂,၀၀၀ ထိတိုးပေးဖို့ တောင်းဆိုထားတာကို သူတို့က ဒေးကြေးနဲ့ ထောက်ပံ့ကြေးပါမှ ၉၀၀ ပဲထပ်တိုးပေးတယ်။ အဲဒီသဘောတူညီချက်ကလည်း အလုပ်သမားတွေဆန္ဒမပါလို့ ဘယ်သူမှအလုပ်မဝင်သေးပါဘူး” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကတော့ ဖိနပ်စက်ရုံနဲ့ အလုပ်သားကိုယ်စားလှယ်တွေအကြား တွေ့ဆုံညှိနှိုင်းမှု အဆင်ပြေခဲ့ပြီး အလုပ်ရှင်အလုပ်သမား နှစ်ဖက်သဘောတူညီချက်တွေ စာချုပ်ခဲ့တယ်လို့ ချန်းရီ Tsang Yih ဖိနပ်စက်ရုံက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ မေ ၁၉ ရက်မှာ စက်ရုံပြန်ဖွင့်မယ်လို့ ကြေညာခဲ့ပေမယ့် အလုပ်သမားတွေဟာ လုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်ဆန္ဒဖော်ထုတ်နေကြတာပါ။
ဆန္ဒပြပွဲမှာပါဝင်တဲ့အလုပ်သမားတစ်ဦးက “ဒီသဘောတူညီချက်ကို အလုပ်သမားတွေဆန္ဒမပါဘဲနဲ့ စက်ရုံနဲ့လက်မှတ်ထိုးခဲ့တဲ့လူတွေကိုလည်း အခုကန့်ကွက်ဆန္ဒပြနေပါတယ်။ ဒီကန့်ကွက်ချက်တွေကိုလည်း Labor ရုံးကိုပေးပို့ထားပါတယ်” လို့ ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန်မှာရှိပြီး ကမ္ဘာကျော် Adidas အမှတ်တံဆိပ် ဖိနပ်တွေကိုထုတ်လုပ်တဲ့ ၎င်းချန်းရီ Tsang Yih ဖိနပ်စက်ရုံမှာ အလုပ်သမား ၆,၄၀၀ ကျော် လုပ်ကိုင်နေတယ်လို့ ကုမ္ပဏီရဲ့ ဝက်ဆိုက်စာမျက်မှာဖော်ပြပါတယ်။
၎င်းစက်ရုံမှာ တစ်ရက်လုပ်ခလစာ ၅,၂၀၀ ကျပ်ပဲ သတ်မှတ်ပေးထားပြီး ထောက်ပံ့ကြေးတစ်ရက် ၂,၀၀၀ ကျပ်၊ အိုတီကြေး တစ်နာရီ ၁,၆၀၀ ကျပ်နဲ့ ရက်မှန်ကြေး တစ်လ ၂၀,၀၀၀ ကျပ်ရရှိနေတာပါ။
လက်ရှိမှာ ဆန္ဒပြအလုပ်သမားတွေဟာ တစ်ရက်လုပ်ခလစာ ၁၂,၀၀၀ ကျပ်ထိ တိုးမြှင့်ပေးဖို့အပြင် အိုတီကြေး တစ်နာရီ ၂,၀၀၀ ကျပ်၊ ရက်မှန်ကြေး တစ်လ ၄၀,၀၀၀ ကျပ်ထိ ပေးဖို့ တောင်းဆိုထားပါတယ်။
စက်ရုံက နေ့စားဝန်ထမ်း ၆,၀၀၀ နီးပါးဟာ လုပ်ငန်းခွင်ကိုမဝင်ရောက်ကြဘဲ စက်ရုံဝန်းအတွင်းမှာပဲ ထိုင်ကာ ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပြီး ကုမ္ပဏီအထက်ပိုင်းက လခစားရုံးဝန်ထမ်းတွေကတော့ ဆန္ဒပြပွဲမှာ မပါဘူးလို့ အလုပ်သမားတချို့က ပြောပါတယ်။
“တောင်းဆိုချက်မရမချင်း စက်ရုံထဲမဝင်ဘဲ အပြင်မှာထိုင်ပြီး ဆန္ဒပြသွားမယ်။ အဓိကတော့ အောက်ခြေ နေ့စားဝန်ထမ်းတွေပဲ ပါတာပါ။ အပေါ်က ရုံးပိုင်းနဲ့ HR တွေ လခများများယူထားပြီး ကျွန်မတို့ အောက်ခြေနေ့စားတွေကျတော့ ဒီနှုန်းထားက ဘယ်လိုမှ လောက်ငှမှုမရှိပါဘူး။ အခုတော့ သူတို့ထပ်ပြီး ညှိနေကြတုန်းပါပဲ” လို့ ဆန္ဒပြဝန်ထမ်းတစ်ဦးကဆိုပါတယ်။
ပြည်တွင်းရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက်ကို ၄,၈၀၀ ကျပ်အဖြစ် ၂၀၁၈ က သတ်မှတ်ထားတာကို စစ်ကောင်စီလက်ထက် မနှစ်က နှစ်လယ်ပိုင်းမှာ ၄,၈၀၀ ကျပ်အပြင် ထောက်ပံ့ကြေး ၂,၀၀၀ ကျပ် တိုးမြှင့်ကာ စုစုပေါင်း ၆,၈၀၀ ကျပ်ထိ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာနှုန်းထားကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ပြည်တွင်းအလုပ်သမားအရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြီးခဲ့တဲ့လပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်တွင်းက အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာကို ရှစ်နာရီ (တစ်ရက်) အလုပ်ချိန်အတွက် ကျပ် ၁၂,၀၀၀ ကနေ ၁၇,၀၀၀ ထိ လိုအပ်နေတယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့တွေက တောင်းဆိုနေကြတာပါ။


