တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်း ရခိုင်ရိုးမအစပ်နားကျေးရွာတွေက စာသင်ကျောင်းတွေပိတ်ထားရ
ရန်ကုန် - ၂၀၂၅ ဇွန် ၂၃ (မော်ကွန်း)
ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်နားကကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့် အခြေခံပညာစာသင်ကျောင်းအများအပြား ပိတ်ထားရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

အထူးသဖြင့် ပုသိမ်မြစ်အနောက်ဘက်ကမ်းက ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဒီလပိုင်းထဲမှာ ဆက်တိုက်ဖြစ်လာတာပါ။
လက်ရှိမှာ ရခိုင်ရိုးမနဲ့နီးကပ်နေတဲ့ကျေးရွာတွေက စာသင်ကျောင်း ၁၀ ကျောင်းခန့်ကို ပြီးခဲ့တဲ့သုံးရက် သောကြာနေ့ကတည်းက ပိတ်ထားရတယ်လို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။
ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်က သဲနုကုန်း၊ ရေဖြူနဲ့ ကျားကိုက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေပြီး ၎င်းကျေးရွာတွေက ဒေသခံရာနဲ့ချီပြီးတော့ လေးမျက်နှာမြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“နေ့တိုင်းလိုလိုလည်း ပစ်သံတွေကကြားနေတယ်။ ရိုးမအစပ်ဘက်မှာ တော်တော်လေးအခြေအနေဆိုးနေတယ်။ လေးမျက်နှာတို့ ငသိုင်းချောင်းတို့ မြို့ပေါ်တွေမှာတောင် လူမရှိတော့သလောက်ပဲ၊ အသွားအလာလည်းသိပ်မရှိတော့ဘူး ခြောက်ကပ်ကပ်ဖြစ်နေတယ်” လို့ လေးမျက်နှာမြို့ပေါ်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ AA နဲ့ မဟာမိတ်တပ်တွေဟာ ပုသိမ်-မုံရွာ ကားလမ်းအနီး မြောက်စမ်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့အမြှောက်တပ် အမတ (၃၄၄) ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာ AA နဲ့ တော်လှန်ရေးတပ်တွေဟာ လေးမျက်နှာနဲ့ ငသိုင်းချောင်းအစပ်က ရွာတွေအထိ ဝင်ရောက်ထိန်းချုပ်လာပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အဲဒီနားကရွာတွေကအကုန် ငသိုင်းချောင်းဘက်၊ ကျုံပျော်ဘက်တွေ ဆင်းပြေးကုန်ကြပြီ။ ဒေသခံတွေပြေးရင်တောင် သေချာစစ်ပြီးမှ ပေးဖြတ်တော့တာ။ စစ်ဘေးရှောင်တာတောင် ဒေသခံဟုတ်၊မဟုတ် ထောက်ခံချက်တွေ၊ အိမ်ထောင်စုစာရင်းတွေအကုန်စစ်ပြီးမှ ပေးဝင်တယ်” လို့ ၎င်းက ပြောပါတယ်။
ဒီလပိုင်းထဲကစပြီး ရခိုင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲက ရေကြည်၊ လေးမျက်နှာနဲ့ ငသိုင်းချောင်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။
လက်ရှိ ဧရာဝတီတိုင်းထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ AA ဘက်ကရော စစ်ကောင်စီဘက်ကပါ တရားဝင်သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အာရက္ခတပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်တွေအထိ စစ်ရေးအရ ဖြန့်ကျက်လာတာပါ။