“တရုတ်ကတော့ ဒီမိုကရေစီနိုင်ငံမျိုး၊ ဖက်ဒရယ်နိုင်ငံမျိုးဖြစ်လာမှာကို လိုလားတဲ့ပုံစံမျိုးတော့မရှိဘူး”
ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းနှင့် ဆက်သွယ်မေးမြန်းချက်
ရန်ကုန် - ၂၀၂၄ ဒီဇင်ဘာ ၁၃ (မော်ကွန်း)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ ဒီနှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်ရာမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေအပြင် ကချင်အထူးဒေသ -၁ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။
ဒီလို တိုက်ပွဲပြင်းထန်နေတဲ့ ကာလမှာပဲ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံက ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီအဖွဲ့ဝင် ထိပ်တန်းအရာရှိက ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့အဖွဲ့ကို ဘေကျင်းမှာတွေ့ဆုံခဲ့တာပါ။ လက်ရှိမှာ KIA ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ မြေရှားဓါတ်သတ္တု တင်ပို့နေတဲ့ နယ်စပ်ဒေသတွေ ပါဝင်နေတာပါ။
KIO ခေါင်းဆောင်တွေ အခုလို တရုတ်နိုင်ငံနဲ့တွေ့ဆုံမှုကြောင့် အကျိုးသက်ရောက်မှုဖြစ်လာမယ့် စစ်ရေး၊ နိုင်ငံရေးအခြေနေတွေ၊ နယ်စပ်ကုန်သွယ်ရေး၊ မြေရှားသတ္တုတင်ပို့မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းရဲ့ သုံးသပ်ချက်ကို မော်ကွန်းကဆက်သွယ်မေးထားပါတယ်။
မော်ကွန်း - လက်ရှိမှာ KIA ခေါင်းဆောင်ပိုင်းကို တရုတ်နိုင်ငံကခေါ်ပြီးတွေ့ဆုံတယ်။ အခုလို စစ်ရေးအရှိန်မြင့်နေတဲ့ကာလမှာ တရုတ်နိုင်ငံက ဘာကြောင့် အခုလိုမျိုး KIO ခေါင်းဆောင်တွေကို ခေါ်တွေ့တယ်လို့ ထင်ပါလဲ။ ဒီဆွေးနွေးပွဲက ဘာတွေဖြစ်လာနိုင်လဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - ဘာကြောင့်ခေါ်သလဲဆိုတော့ KIA က ပထဝီအနေအထားအရ စိုးမိုးလာတဲ့ အပိုင်းတွေကြောင့်ဖြစ်တာပေါ့ဗျာ။ ဒါက ပထမအချက်အနေနဲ့ပေါ့။ ဒုတိယအချက်အနေနဲ့တော့ ကမ္ဘာမှာ အသုံးပြုနေတဲ့ ဒီမြေရှား Rare Earth ပေါ့၊ ဒီဟာက အထူးသဖြင့် ကချင်ပြည်နယ်မှာထွက်တာများတာပေါ့ဗျာ။ အဲဒီဟာတွေက အကုန်လုံးကို KIO အနေနဲ့ စိုးမိုးလာနိုင်တယ်။ သူ့လက်အောက်မှာရှိနေတော့ ဒီသတ္တုအတွက်လည်း ပါပါလိမ့်မယ်။ နောက်ပြီးတော့ ဒေသရဲ့လုံခြုံရေးတွေ၊ တရုတ်ရဲ့အကျိုးစီးပွားတွေပေါ့။ ဒါကြောင့်မို့လည်း အရေးကြီးတဲ့အခြေအနေတွေပေါ့။ ဆိုလိုတာကတော့ ခါတိုင်းဆိုရင် သူ့လက်အောက်မှာရှိတဲ့ အဆင့်လောက်နဲ့ တွေ့တာပေါ့။ အခုက အဆင့်မြင့်တဲ့တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ အခြေအနေဖြစ်နေတယ်လို့ပဲ မြင်နေရပါတယ်။
မော်ကွန်း - လက်ရှိ KIA အနေနဲ့ ကချင်ပြည်နယ်မှာ စစ်ကောင်စီစခန်းတွေကိုတိုက်နေတယ်ပေါ့။ လက်ရှိလည်း တိုက်ပွဲပြင်းထန်နေတာရှိတယ်။ လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံရဲ့ကြားဝင်လာမှုက စစ်ရေးနိုင်ငံရေးမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - ဒါကတော့ ခန့်မှန်းပြောတာရတာပေါ့။ ဘာတွေသက်ရောက်မှုတွေ ရှိလာမလဲဆိုတာ ခန့်မှန်းဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် တရုတ်အနေနဲ့လိုလားတာကတော့ သူ့နယ်စပ်တစ်လျှောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ လျှော့ချဖို့နဲ့ တိုက်ပွဲတွေမရှိဖို့ဆိုတာကတော့ သူ့ရည်မှန်းချက်၊ တရုတ်ရဲ့ ရည်ရွယ်ချက်ကတော့ ဒါပဲဖြစ်ပါတယ်။
မော်ကွန်း - KIO အနေနဲ့ရော ဒီအပေါ်မှာ ဘယ်လိုမျိုး လုပ်ဆောင်သွားမယ်လို့ ထင်ပါလဲ။
ဦးဂွမ်ဂေါင်အောင်ခမ်း - သူတို့က ဒီလိုရည်ရွယ်ထားပေမယ့် လက်ရှိအခြေအနေအရတော့ KIO ကတော့ ကချင်ပြည်နယ်ကိုထိန်းချုပ်ရေးဟာ သူ့ရဲ့လုပ်ဆောင်ရမယ့် တာဝန်တစ်ခုအဖြစ် KIO ဆီမှာ တာဝန်ရှိတယ်။ သူတို့အနေနဲ့တော့ သိမ်းပိုက်စရာရှိတာ၊ တိုက်စရာရှိတာ ဆက်လက်ပြီးမှတိုက်ခိုက်ဖို့ရှိတယ်လို့ ကျွန်တော်က ဒီလိုပဲမြင်ပါတယ်။
မော်ကွန်း - လက်ရှိမှာ KIO က တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ တော်တော်များများသိမ်းထားတယ်ပေါ့။ ဒီနေ့မှာဆိုရင်လည်း ဒီနယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့သိရပါတယ်။ ဒီနယ်စပ်ကုန်သွယ်ရေးဂိတ်တွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေ သက်ရောက်မှုရှိလာနိုင်ပါလဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - အခုဖွင့်တာကတော့ အခြေအနေတစ်ရပ်ကြောင့် ဖွင့်တာဖြစ်ပါလိမ့်မယ် ဒီနယ်စပ်ကုန်သွယ်ရေးဟာပေါ့။ ကုန်သွယ်ရေးကြောင့် ကျွန်တော်တို့ ပြည်သူလူထုက အကျိုးတော့ တစ်စုံတစ်ခုတော့ ရှိပါလိမ့်မယ်။ သွင်းကုန်ထုတ်ကုန်ကျတော့ နှစ်ဖက်ရှိနေတော့ အဲဒီကနေ ပြည်သူတွေရော၊ KIO ရော အကျိုးခံစားခွင့်ရှိပါလိမ့်မယ်။ အထူးသဖြင့် ကချင်ဒေသဟာ ဒီနယ်စပ်ကုန်သွယ်ရေး ပိတ်ထားတာကြောင့် ပြည်သူတွေမှာ တခြားလူသုံးကုန်ပစ္စည်းတွေမှာ တော်တော်အခက်အခဲဖြစ်နေတာ။ ဒီဟာတွေက အဆင်ပြေလာမယ်လို့ပဲ မြင်ပါတယ်။
မော်ကွန်း - မြေရှားသတ္တုတွေ တင်ပို့မှုတွေနဲ့ပတ်သက်ပြီးတော့ အရင်ကတော့ စစ်ကောင်စီထိန်းချုပ်မှုအောက်ကနေ တင်ပို့နေရာက အခု KIO ရဲ့ ထိန်းချုပ်မှုအောက်မှာကို ရောက်သွားတဲ့အတွက် ဘယ်လိုမျိုးတွေဖြစ်လာနိုင်တယ်လို့ ထင်ပါလဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - ပထဝီအနေအထားအရတော့ KIO က အကုန်လုံးကို ထိန်းချုပ်လာတော့မှာပေါ့။ တချို့နေရာတွေကတော့ ရှိချင်လည်းရှိမယ်။ ဒါပေမယ့် သူကတော့ တရုတ်နယ်စပ်တစ်လျှောက် အကုန်လုံးကို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အစပ်ထိတော့ အကုန်လုံးကို ထိန်းချုပ်လာလိမ့်မယ်။ ဒါ့ကြောင့်လည်း KIO ကတော့ သူတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့ သယံဇာတတစ်ခုဖြစ်တဲ့အတွက် မြေရှားကလည်း KIO ထိန်းချုပ်မှုအောက်ပါလာလိမ့်မယ်။ မြေရှားကလည်း ကမ္ဘာမှာ မြန်မာပြည်ကနေ တင်သွင်းတဲ့ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းလောက် သဘောမျိုးဖြစ်နေတယ်။ ဒါတွေက ကချင်ပြည်နယ်က ထွက်တဲ့ဟာတွေ အဓိကဖြစ်နေတယ်။ ဒါ့ကြောင့်လည်း ဒီသတ္တုကလည်း ကမ္ဘာနဲ့ချီပြီးလုပ်နေတဲ့ သတ္တုဖြစ်နေတော့ အနောက်နိုင်ငံတွေဘက်ကို၊ အနောက်နိုင်ငံတွေဘက်ကနေ စိုးမိုးလာမယ့်ဟာကိုလည်း သူတို့က (တရုတ်နိုင်ငံ) စိုးရိမ်တဲ့အချက်ကြောင့်မို့လို့ လက်ဦးမှုယူတာလား။ ဒါတွေကလည်း ဖြစ်လာမယ့်သဘောမျိုး ဖြစ်လာလိမ့်မယ်။ ဒီအခန်းကဏ္ဍလည်း ပါပါလိမ့်မယ်။
မော်ကွန်း - လက်ရှိမှာ KIO က စစ်ရေးရည်မှန်းချက်ရှိတယ်။ ဖက်ဒရယ်စနစ်တည်ထောင်ရေးဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေလည်း ရှိတာပေါ့နော်။ အဲဒီအပေါ် တရုတ်နိုင်ငံကကြားဝင်လာတော့ ဒါက စစ်ရေး၊ နိုင်ငံရေးမှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ။ စစ်ကောင်စီနဲ့ရော ဆွေးနွေးတာမျိုး ရှိလာနိုင်ပါလား။
ဦးကွမ်ဂေါင်အောင်ခမ်း - စစ်ကောင်စီနဲ့ဆွေးနွေးမယ့်အချက်ကိုတော့ ဒီလောက်ထိတော့ ခန့်မှန်းဖို့ခက်တယ်။ တစ်ခုရှိတာ တရုတ်ကတော့ ဒီမိုကရေစီနိုင်ငံမျိုး၊ ဖက်ဒရယ်နိုင်ငံမျိုးဖြစ်လာမှာကို လိုလားတဲ့ပုံစံမျိုးတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်ကတော့ ကွန်မြူနစ်ပါတီဆိုတော့ နယ်စပ်မှာ ဖက်ဒရယ်နိုင်ငံ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာမှာကို အနောက်နိုင်ငံတွေနဲ့ ကူးလူးဆက်ဆံလာမှာကို စိုးရိမ်ပုံရတယ်။ ဒါ့ကြောင့်လည်း ဒီဟာကို ချက်ချင်းတော့လုပ်လာမှာတော့မဟုတ်သေးဘူး။ သူ့ရဲ့ agenda (လုပ်ငန်းစဉ်) အတိုင်းပဲသွားလာနိုင်တဲ့ သဘောမျိုးဖြစ်ပါလိမ့်မယ်။ အဲဒီလိုမျိုး (စစ်ကောင်စီနဲ့) ဆေးနွေးဖို့ဆိုတဲ့ အဆင့်တွေရောက်ဖို့ စောသေးလို့ပဲ မြင်ပါတယ်။