စစ်ကောင်စီရေတပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ရသေ့တောင်ဒေသခံနှစ်ဦးသေကာ လေးဦးဒဏ်ရာရ
ရသေ့တောင် -၂၀၂၄ သြဂုတ် ၃၀ (မော်ကွန်း)
အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဆားပြင်ကြီးရွာထဲကို စစ်ကောင်စီရေတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရွာသားနှစ်ဦးသေကာ လေးဦးဒဏ်ရာရသွားတယ်လို့ ရသေ့တောင်ဒေသခံတချို့က ပြောပါတယ်။
ဩဂုတ် ၂၈ ရက် ည ၁၁ နာရီမှာ ဆားပြင်ကြီးကျေးရွာကို လက်နက်ကြီးကျည်ကျရောက်တာကြောင့် ၁၇ နှစ်နဲ့ ၃၇ နှစ်အရွယ် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး ၁၀ နှစ်အောက်ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
" ညအချိန်မတော်ကြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ အိပ်မောကျချိန်ဆိုတော့ ပုန်းချိန်လည်း မရလိုက်ဘူး။ ဒီတိုင်း အိပ်နေကြတုန်း လက်နက်ကြီးနှစ်လုံးကျလာပြီး ပေါက်ကွဲတာပါ။ ရွာထဲမှာပေါက်ကွဲသံကြားတော့မှ အကုန်လုံး ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ထပြေးကုန်ကြတာ " လို့ ဆားပြင်ကြီးရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ကျေးရွာက ဆေးဆရာတွေနဲ့ ဆေးကုသမှုပေးထားပေမယ့် ကလေးငယ်တစ်ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် အနီးပတ်ဝန်းကျင်က ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
" မိုးတွင်းကြီးဆိုတော့ ဗုံးခိုကျင်းထဲလည်း ဝင်ပုန်းလို့မရ၊ လက်နက်ကြီးကလည်း အရမ်းပစ်တာ။ ကျချင်တဲ့နေရာကျလို့ သေချင်တဲ့သူသေဆိုတဲ့သဘောနဲ့ ရမ်းသမ်းပစ်နေတာ။ AA က သိမ်းလို့ရသွားလည်း အေးချမ်းမယ်မထင်နဲ့ဆိုတဲ့အထာနဲ့ ထိန်းချုပ်နယ်မြေထဲက ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာ" လို့ အထက်ပါ ဆားပြင်ကြီးရွာခံက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးနီးပါးကို AA ထံ လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ လေကြောင်းနဲ့ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားကျေးရွာတွေ အပေါ် ကျရောက်ပေါက်ကွဲတဲ့အတွက် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ဖြစ်နေတာပါ။
လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကုလားတန်မြစ် အနောက်ခြမ်းက မြို့နယ်သုံးခုဖြစ်တဲ့ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေအနက် မောင်တောမြို့ပေါ်မှာသာ စစ်ကောင်စီတပ်သားတချို့ ကျန်ရစ်ခုခံနေသေးပြီး အဲဒီတပ်တွေကျရင် ကုလားတန်မြစ်အနောက်ဘမ်းခြမ်းဒေသတစ်ခုလုံးကို AA က အလုံးစုံထိန်းချုပ်နိုင်မှာ ဖြစ်သလို မြောက်ပိုင်းမှာ မြို့တော်စစ်တွေ တစ်မြို့သာ စစ်ကောင်စီတပ် အခြေစိုက်နိုင်တဲ့ နေရာအဖြစ် ကျန်တော့မှာပါ။
🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews