နောင်ချိုကို စစ်ကောင်စီမြေပြင်ရော ဝေဟင်ကပါအပြင်းအထန်တိုက်ခိုက်နေ
ရန်ကုန် - ၂၀၂၅ ဇွန် ၂၄ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို သုံးရက်ဆက်တိုက် အပြင်းအထန်ထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ နောင်ချို ဒေသခံတချို့က ပြောပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာ နောင်ချိုမြို့အဝင် ကံကြီးရွာအနီးက ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မွန်းလွဲပိုင်းထိ လက်နက်ကြီးပစ်ခတ်သံ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သံတွေကို နောင်ချိုမြို့ပေါ်ကနေ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ငါးနာရီခွဲကနေ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတာ။ဂျက်ဖိုက်တာနဲ့လည်း နှစ်ကြိမ်သုံးကြိမ်လောက် လာကြဲတယ်။ Y-12 တွေနဲ့လည်း ခုထိပတ်ဝဲနေတယ်” လို့ နောင်ချိုဒေသခံတစ်ဦးက ဒီနေ့မွန်းလွဲပိုင်းမှာ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို နောင်ချို-တောင်ခမ်းလမ်းပိုင်းကနေ ကံကြီးရွာနဲ့ နောင်ဩရွာကို ဖြတ်ဝင်လာတဲ့ စစ်ကြောင်းနဲ့ ပြင်ဦးလွင်-ဘန့်ဘွေး-နောင်ချို လမ်းပိုင်းကနေ အုမ္မတီးရွာကို ဖြတ်ဝင်လာတဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်လာတာလို့ စစ်ရေးလေ့လာသူတချို့က ပြောပါတယ်။
နောင်ချိုမြို့နယ်က ကျေးရွာခုနစ်ရွာခန့်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ဒရုန်းတွေနဲ့ ဆက်တိုက်ပစ်ခတ်တယ်လို့ ပြီးခဲ့တဲ့နှစ်ရက်က TNLA သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။
နောင်ချိုမြို့ပေါ်မှာ လက်ရှိအချိန်ထိတော့ ဒေသခံတချို့ရှိနေသေးပြီး မြို့ပေါ်ထိ တိုက်ပွဲတွေ ရောက်လာရင်တော့ ဒေသခံတွေ ထွက်ခွာနိုင်တဲ့ လမ်းတွေရှိနေသေးတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“အခုချိန်ထိတော့ ဂုတ်ထိပ်ကနေ ကျောက်မဲ၊ သီပေါဘက် ထွက်တဲ့လမ်းကတော့ အခြေအနေကောင်းပါသေးတယ်။ အောက်ဘက်တွေမှာလည်း ကွင်းလမ်းတွေတော့ ရှိနေသေးတယ်။ မြို့ပေါ်မှာတော့ ကြိုရှောင်တဲ့သူတွေကတော့ ကြိုရှောင်နေပြီ။ တချို့လည်း တော်တော်များများတော့ ကျန်နေသေးတယ်။ မြို့ပေါ်ထိရောက်လာရင်တော့ ရှောင်သင့်ရင်ရှောင်ဖို့တော့ အသင့်ပြင်ထားကြတာပေါ့” လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဒီလဆန်းပိုင်းစပြီး တပ်အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်လာတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ နောင်ချို-တောင်ခမ်းလမ်းပိုင်းက ကံကြီးရွာကို စစ်ကောင်စီတပ်က ခြေကုပ်ယူပြီး လက်နက်ကြီး၊ လေကြောင်းပစ်အားတွေ၊ ဒရုန်းတွေကို အပြင်းအထန်သုံးပြီး ထိုးစစ်ဆင်လာတာလို့ စစ်သုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
“Fire Power ကိုသုံးပြီး ပစ်အားနဲ့ စစ်ကစားလာတဲ့ အခြေအနေဖြစ်ပါတယ်။ အဓိကကတော့ ဒရုန်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချလာတဲ့ အနေအထား တစ်ရပ်ရှိလာတာကို တွေ့နေရပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
နောင်ချိုမြို့ကို TNLA တပ်တွေနဲ့အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နဲ့ မဟာမိတ်တပ်တွေက မြို့မကျရေးအတွက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတာပါ။
၂၀၂၃ အောက်တိုဘာတုန်းက ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ TNLA နဲ့ မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းမြောက်က နောင်ချို၊ သီပေါနဲ့ ကျောက်မဲအပါအဝင် မြို့ပေါင်း ၁၂ မြို့ကို စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက် သိမ်းယူခဲ့တာပါ။