မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာကြောင့် ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းတွေပြတ်လပ်နေ
ရန်ကုန် - ၂၀၂၅ ဩဂုတ် ၁၁ (မော်ကွန်း)
မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ နှစ်ပတ်ကျော်လာတာကြောင့် ရန်ကုန်မြို့ ဈေးကွက်ထဲမှာ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းပြတ်လပ်မှုတွေ ရှိလာတယ်လို့ ၎င်းကုန်စည်တင်သွင်းရောင်းချသူတချို့က ပြောပါတယ်။

ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကျတဲ့ မြဝတီနယ်စပ်လမ်းကြောင်းကနေ ဖြတ်ကျော်လာတဲ့ ကုန်တင်ယာဉ်တွေကို ပြီးခဲ့လလယ်ပိုင်းထဲက စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး ကုန်တင်ယာဉ်အများစုကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားတာပါ။
ကုန်တင်ယာဉ်တွေကို တရားမဝင်သယ်ဆောင်မှုအဖြစ် ဖမ်းဆီးစစ်ဆေးတာ၊ ကုန်တင်ယာဉ်တချို့ကို ဖြတ်သန်းခွင့်မပေးဘဲ နောက်ပြန်လှည့်ခိုင်းတာတွေအပြင် ကားတွေကို ငွေတောင်းပြီးပြန်လွှတ်တာတွေ လုပ်ဆောင်နေတာကြောင့် ထိုင်းနိုင်ငံကနေတစ်ဆင့်တင်သွင်းပြီး ရောင်းချနေရတဲ့ ကုန်ပစ္စည်းအများအပြားဟာ နယ်စပ်မှာရပ်တန့်နေတယ်လို့ ၎င်းကုန်သည်တချို့က ပြောပါတယ်။
ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖြတ်သန်းခွင့်မပေးဘဲ စစ်ဆေးနေတာကြောင့် ရန်ကုန်မြို့က ကွန်ပြူတာအရောင်းဆိုင်တွေနဲ့ ဖြန့်ချိရေးဈေးကွက်ထဲမှာ ကုန်ပစ္စည်းတချို့ဟာ ပြတ်လပ်သွားတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းက ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
အခုလို ကုန်စည်လမ်းကြောင်းတွေ ပိတ်နေတဲ့အတွက် ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းအသစ်တွေ မဝင်တာ တစ်လနီးပါးရှိလာပြီး ရန်ကုန်မြို့က ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တချို့မှာ ကုန်ပစ္စည်းပြတ်လပ်နေတယ်လို့ ၎င်းက ပြောပါတယ်။
“အပေါ်လမ်းကသွင်းတဲ့ဟာတွေရော၊ အောက်လမ်းရော အကုန်ဖမ်းတယ်။ ဘယ်တော့ပြန်ရမလဲလည်းမသိဘူး။ အခုဈေးကွက်မှာ အရင်က In Stock ရထားပြီးသား ပစ္စည်းတွေပဲ ထပ်ရောင်းနေရတာ။ အသစ်တွေအကုန်မဝင်တော့ဘူး။ Lenovo တို့လို တရားဝင် Show Room တွေကအစ ပစ္စည်းပြတ်သွားပြီမရှိတော့ဘူး။ အဲဒီမှာပဲ(မြဝတီ) အကုန်ပိတ်ထားတာ။ ဆိုင်တွေမှာလည်း ရှိတာလေးတွေပဲ တင်ရောင်းနေတာ” လို့ ၎င်းကုန်သည်က ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့တွေက မြဝတီမြို့ကနေ ထွက်လာတဲ့ ကုန်တင်ယာဉ်တွေကို ဘားအံမြို့မှာ စစ်ဆေးနေပြီး ကုန်တင်ယာဉ်အများအပြားကို ဖြတ်သန်းခွင့်မပေးဘဲ နောက်ပြန်လှည့်ခိုင်းနေတာကြောင့် ကုန်တင်ယာဉ်အများစုက အဲဒီမှာပိတ်မိနေတယ်လို့ ထိုင်း-မြန်မာ နယ်စပ်ကုန်စည်ပို့ဆောင် လုပ်ဆောင်သူတချို့က ပြောပါတယ်။
ကုန်ပစ္စည်းတွေရဲ့ သွင်းကုန်လိုင်စင်၊ လုပ်ငန်းလိုင်စင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး လမ်းကြောင်း ရက် ၁၀၀ ပိတ်မယ်လို့ သတင်းတွေထွက်နေတယ်လို့ ထိုင်း-မြန်မာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်တစ်ဦးက ပြောပါတယ်။
“လိုင်စင်မပါဘဲ သယ်နေကြလို့ဆိုပြီး အဲဒါကို စစ်တယ်ပြောတယ်။ စစ်တယ်သာပြောတာ။ အကုန်ရပ်ထားရတယ်။ ရက် ၁၀၀ ပိတ်မယ်ဆိုပြီးတော့လည်း သတင်းတွေထွက်တယ်။ အခုချိန်ထိ ဘယ် Agent ဘယ် Logistics မှ ကားမထွက်တာ တော်တော်ကြာနေပြီ။ ဟိုဘက်ကမ်းကရောက်လာတဲ့ ပုံးတွေလည်း မြဝတီက ဂိုဒေါင်တွေမှာပဲ အကုန်ထည့်ပြီး လမ်းကြောင်းဖွင့်မယ့်ရက်ကို ပြန်စောင့်နေကြတယ်” လို့ ၎င်းသယ်ယူပို့ဆောင်ရေး လုပ်ကိုင်သူက ပြောပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တိုက်ပွဲတွေကြောင့် အဓိကလမ်းမကြီးဖြစ်တဲ့ အာရှလမ်းမကြီးကို ပိတ်ထားရတာ နှစ်နှစ်နီးပါးရှိနေပြီး လမ်းဟောင်းတွေကနေ သွားလာနေရတာကြောင့် လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲနေပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ ပြည်ပသွင်းကုန်တွေကို ကန့်သတ်နေပြီး တရုတ်နိုင်ငံ မူဆယ်နယ်စပ်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း ကုန်သွယ်ခွန်ပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ပေးနေတာကြောင့် ဒီလမ်းကြောင်းမှာလည်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ရပ်တန့်ထားရတယ်လို့ တရုတ်သွင်းကုန်တင်သွင်းတချို့က ပြောပါတယ်။


