မြန်မာပြည်တွင်း ယနေ့ အင်အားအသင့်အတင့်ရှိငလျင် ငါးကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့
ရန်ကုန်- ၂၀၂၅ မတ် ၅ (မော်ကွန်း)
ဒီနေ့မှာ နိုင်ငံတစ်ဝန်း မြေငလျင်လှုပ်ခတ်မှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနကထုတ်ပြန်သလို အလွတ်တန်းလေ့လာသူတချို့ကလည်း ပြောကြပါတယ်။
ပုံစာ- ဒီနေ့မနက်ပိုင်းက လှုပ်ခတ်တဲ့ ငလျင်ကြောင့် မအူပင်မြို့က နေအိမ်တချို့လှုပ်ခါနေသည့် မှတ်တမ်း။
ဗီဒီယို- Shew Taw Tar
ဒီငလျင်တွေကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ သက်ရောက်ပျက်စီးမှု တချို့ ရှိခဲ့ပါတယ်။ မြို့ခံတချို့က ဒီငလျင်ကြောင့် သာသနာအဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ လူမှုကွန်ယက်တွေမှာ ဖော်ပြကြပါတယ်။
" တော်လဲသံကြီးလိုမျိုး ကြောက်စရာအသံကြီးမြည်ပြီး လှုပ်ခတ်ခဲ့တာ" လို့ လူမှုကွန်ယက်မှာ မအူပင်မြို့ခံတစ်ဦးက ရေးပါတယ်။
စစ်ကောင်စီ မိုးဇလဌာနကတော့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြေငလျင်စခန်းပတ်လည်မှာ မြေငလျင်တွေ လှုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ၊ မြေအောက်အနက်ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး ရစ်(ခ်)တာ စကေး ၅ ဒသမ ၁ ရှိတဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ဒီနေ့မနက်ပိုင်း ၄ နာရီ ၃၆ မိနစ်မှာ လှုပ်ခဲ့တယ်လို့ ဖော်ပြ ပါတယ်။
အဲဒီငလျင်ရဲ့ နောက်ဆက်တွဲငလျင်တွေအဖြစ် ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၁ မိုင်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ ရှိတဲ့ ငလျင် ဒီမနက် ငါးနာရီဝန်းကျင်မှာ လှုပ်ခဲ့သလို ၅ နာရီ ၂၀ မိနစ်မှာတော့ မြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြေအောက်အနက် ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ နာရီ ၂၃ မိနစ်မှာတော့ မြို့ရဲ့ ၂၅ မိုင်ခန့်အကွာမှာ မြေအောက်အနက် ခြောက်မိုင်ကျော်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၁ ရှိတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါအပြင် ဒီနေ့လယ် ၁၂ နာရီ ဝန်းကျင်မှာတော့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြေအောက် အနက် ၃၉ မိုင်ကျော်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့သေးတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။