ယောဒေသ ထီးလင်းမြို့သိမ်းတိုက်ပွဲစတင်တော့မယ်လို့ ထီးလင်းပအဖ ကထုတ်ပြန်
ရန်ကုန် - ၂၀၂၄ ဒီဇင်ဘာ ၆ (မော်ကွန်း)
ယောဒေသ ထီးလင်းမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှာဖြစ်တဲ့အတွက် ဒီမြို့မှာနေထိုင်သူတွေအားလုံး ဒီလကုန်မတိုင်မီ မြို့ပေါ်ကနေ စွန့်ခွာပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ထီးလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှာတည်ရှိတဲ့ ထီးလင်းမြို့နယ်မှာ မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်စခန်းတွေရှိပေမယ့် အနီးတစ်ဝိုက်ကျေးရွာတွေကိုတော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာတော့ ထီးလင်းမြို့ပေါ်မှာ နေထိုင်တဲ့ဒေသခံတွေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုးနယ်မြေတွေကို အခုလမကုန်ခင် လာရောက်ခိုလှုံကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေလည်း အလင်းဝင်ကြဖို့ ထီးလင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ထီးလင်းမြို့ပေါ်မှာ စစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာမှာဖြစ်တဲ့အတွက် သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ကနေ ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲ ကိစ္စရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။
လက်ရှိ ကြေညာချက်မထုတ်မီ ရက်ပိုင်းအတွင်းကပဲ ထီးလင်းနဲ့ ကျောက်ထုမြို့တွေကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ့် သတင်းတွေထွက်ပေါ်နေပြီး ဒေသခံတချို့လည်း ကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ယောဒေသ၊ ဆောမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ကြိုပြီးတော့ သတင်းတွေတော့ထွက်နေပြီးပေါ့။ စပါးရိတ်တဲ့သူတွေ ကြိုရိတ်၊ ရိက္ခာစုတဲ့လူလည်း ကြိုစုနေကြပြီ။ တိုက်ပွဲကြီးကတော့ လာတော့မှာ၊ ဟိုဘက် ချင်းတောင်ဘက်မှာလည်း တိုက်ပွဲပြင်းထန်နေတော့ မကြာတော့ဘူး ယောနယ်ကို ကူးလာတော့မှာပဲလေ” လို့ ၎င်း ဒေသခံကပြောပါတယ်။
ဂန့်ဂေါ၊ ထီးလင်း၊ ဆောနဲ့ ကျောက်ထုမြို့နယ်တွေ ပါဝင်တဲ့ ဂန့်ဂေါခရိုင်၊ ယောဒေသဟာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ ဆုံရာဒေသဖြစ်ပြီး ချင်းတောင်တန်းနဲ့ ပုံတောင်ပုံညာတောင်တန်းကြီးကြားမှာ တည်ရှိပြီး ပထဝီအနေအထားအရ အရေးပါတဲ့ ဒေသတစ်ခုလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
လက်ရှိ ယောဒေသမှာ မြို့တွေနဲ့ အစိုးရရုံးတွေကိုတော့ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားပေမယ့် ကျေးလက်တွေနဲ့ တောင်ပေါ်ရွာအများစုက တော်လှန်ရေးတပ်တွေ စိုးမိုးထားတယ်လို့ ယောဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် ယောနယ်အတွင်း တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေပြီး ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့်တာ၊ သယ်ယူပို့ဆောင်ရေးခက်ခဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေရာတိုင်းမှာ တပ်တွေကြီးပဲဆိုတော့ သွားရလာရတာတော့ တော်တော်မလွယ်ဘူး။ ပြီးရင် ကုန်စည်စီးဆင်းမှု မရှိဘူး။ အကုန်ဈေးကြီးတယ်။ လျှပ်စစ်မီးကလည်း မလာတာကြာပြီ” လို့ ၎င်းကပြောပါတယ်။
ယောဒေသမှာ NUG ရဲ့ ဂန့်ဂေါခရိုင်တပ်ရင်းတွေအပြင် မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလှုပ်ရှားနေပြီး စစ်ကောင်စီတပ်ကလည်း ဒီဒေသမှာ အင်အားအလုံးအရင်းနဲ့ အားဖြည့်ထားတာပါ။
ပြီးခဲ့တဲ့လပိုင်းကလည်း ထီးလင်းမြို့နယ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ယောနယ် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။