ဒီနေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ဟာ လည်း အရင်နှစ်တွေတုန်းကလိုပဲ စစ်အာဏာရှင်ရဲ့ ထောင်တွင်းမှာ သူဖြတ်သန်းရမှာပါ။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်၊ တတိယအကြိမ်၊ လွှတ်တော်သက်တမ်းခေါ်မယ့်နေ့ကတည်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အဖမ်းခံထားရတဲ့ လူထုခေါင်းဆောင်ဟာ ဒီနေ့အထိ နေပြည်တော်ကအကျဉ်းထောင်မှာ နှစ်ရှည်လများ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ထောင်သွင်းအကျဉ်းချပြီးကတည်းက စစ်ကောင်စီက မည်သူနဲ့မှပေးမတွေ့ဘဲ ပြင်ပကမ္ဘာနဲ့ သူ့ကိုအဆက်ဖြတ်ထားတာ အခုဆိုရင် လေးနှစ်ကျော်ငါးနှစ်သက်တမ်းထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ ထောင်တွင်းမှာ သူ့ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာ အများပြည်သူမသိကြပါဘူး။
သူရဲ့ ဒီနှစ်ကျရောက်တဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်အဲရစ်ဦးဆောင်ပြီး ကမ္ဘာ့မှတ်တမ်း ဂရင်းနစ်စံချိန်ဖြစ်စေဖို့ မြန်မာပြည်သူတွေထံကနေ မွေးနေ့ဆုတောင်းကမ်ပိန်းစကားဗီဒီယို ၈၀,၀၀၀ တောင်းခံခဲ့ရာမှာ သတ်မှတ်အရေအတွက်ကို မွေးနေ့မတိုင်မီ ပြည့်မီခဲ့တယ်လို့ ကမ်ပိန်းကျင်းပရေးကော်မတီက ထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝန်းက အာဏာသိမ်းစစ်တပ်ကို တွန်းလှန်နေသူတွေ၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဒေသတွေမှာလည်း သူကျန်းမာနေကောင်းစေဖို့ ဆုမွန်ကောင်းတွေတောင်းတဲ့ လှုပ်ရှားမှုတွေကို ဒီရက်ပိုင်းမှာ ဆက်တိုက် ပြုလုပ်ပြီး သူ့ကိုဖမ်းဆီးအကျဉ်းချထားတဲ့ စစ်ကောင်စီကိုရှုံ့ချတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်း၊ အကျဉ်းထောင်အသီးသီးမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း သူ့မွေးနေ့ကိုကြိုဆိုတဲ့အနေနဲ့ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကြားကနေ သူနှစ်သက်တဲ့ ပန်းပန်တာ၊ အင်္ကျီအဖြူရောင်တွေတူညီဝတ်ဆင်တာနဲ့ ဘာသာရေးဆိုင်ရာ ဆုတောင်းတာတွေလုပ်ကြမယ်လို့ နိုင်ငံရေးအကျဉ်းသားတချို့က ထောင်တွင်းကနေ ပြောပါတယ်။
“ ကျွန်တော်တို့ အမေစုမွေးနေ့အတွက် ပန်းပန်တာတွေ၊ ဆင်တူအင်္ကျီဝတ်ပြီး ဆုတောင်းတာတွေလုပ်ကြမယ်။ ထောင်အာဏာပိုင်တွေကတော့ အဲဒီလိုမလုပ်ကြဖို့၊ လုပ်တဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေ ရှိပါတယ်” လို့ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက မနေ့တုန်းက ပြောပါတယ်။
၁၉၄၅ ဇွန်လ ၁၉ ရက်ဖွား ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရေးလောကဓံကို ငယ်စဉ်ကတည်းက ကြုံတွေ့ ခံစားရဖူးသူဖြစ်ပြီး သူ နှစ်နှစ်သမီးအရွယ်မှာပဲ ဖခင်ဖြစ်သူ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာပါ။
အဲဒီနောက် မိခင်ဖြစ်သူ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေါ်ခင်ကြည်နဲ့အတူ နေထိုင်ရင် ကမ္ဘာကျော် အောက်စဖို့တက္ကသိုလ် ကနေ ဘွဲ့ရခဲ့သူဖြစ်ပါတယ်။
သုတေသနပညာရှင်၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ သူဟာ ဗုဒ္ဓဘာသာသုတေသီ၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာပညာရှင်ဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် နဲ့ အိမ်ထောင်ကျခဲ့ပြီး သားနှစ်ဦး ထွန်းကားခဲ့ရာမှာ လက်ရှိ သူ့ရဲ့အသက် ၈၀ ပြည့် မွေးနေ့လှုပ်ရှားမှုကိုဦးဆောင်သူ ကိုထိန်လင်းဟာ သားအငယ်ဖြစ်ပါတယ်။
အိမ်ထောင်ရေးဘဝထူထောင်ရင်း မမာကျန်းတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကိုပြုစုဖို့ မြန်မာပြည် ပြန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို ပြုတ်ကျစေခဲ့တဲ့ ၁၉၈၈ လူထုအရေးတော်ပုံမှာ မြန်မာ နိုင်ငံရေးလောကထဲကို ရောက်ရှိလာကာ အဲဒီကတည်းက စစ်အုပ်စုရဲ့ အညိုးအတေးထား ဖိနှိပ်ခြင်းကို စနစ်တကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို တည်ထောင်ကာ ၁၉၉၀ စစ်တပ်စီစဉ်တဲ့ ရွေးကောက်ပွဲဝင်၊ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အဲဒီတုန်းက စစ်အာဏာရှင်တွေဟာ သူ့ကို ဖမ်းဆီးအကျဉ်းချခဲ့တာ ဖြစ်ပါတယ်။
အကြမ်းမဖက်၊ လူထုနည်းနဲ့ စစ်အာဏာရှင်တွေကို တော်လှန်ခဲ့တဲ့ သူ့ကို ၁၉၉၁ မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ပေးခဲ့သလို ကမ္ဘာ့ဩဇာတိက္ကမကြီးသူ ၁၀၀ စာရင်းမှာ နံပတ် ၁၉ ချိတ်ခဲ့တဲ့ မြန်မာပြည်ဖွား တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူ့ကို နေအိမ်အကျယ်ချုပ်ကနေ ခေတ္တလွှတ်လိုက်တဲ့နောက် နိုင်ငံအနှံ့ လူထုစည်းရုံးရေးထွက်စဉ် လက်ရှိကာလ တော်လှန်ရေးအားကောင်းရာ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းဒေသမှာ စစ်အာဏာရှင်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ၂၀၀၃ မေလမှာ ကြုံခဲ့ရကာ သူ့ပါတီဝင် ၇၀ ကျော်သေခဲ့ရပေမယ့် ကံကောင်းစွာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို နိုင်ငံသမိုင်းမှာ ‘ဒီပဲယင်းအရေးအခင်း’ လို့ လူသိများပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံဘဝကနေ ၂၀၁၀ မှာ ပြန်လွတ်လာပြီးနောက် ၂၀၁၂ မှာ စစ်အာဏာရှင်တွေ ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို သူနဲ့သူ့ပါတီ NLD ဝင်ပြိုင်ခဲ့ပြီး အပြတ်အသတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်ခဲ့ကာ အစိုးရဖွဲ့နိုင်ခဲ့ပေမယ့် အာဏာရှင်စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ နိုင်ငံရေးလုပ်ပိုင်ခွင့် မရှိသလောက် ဖြစ်ခဲ့ရတယ်လို့ ဝေဖန်သူတွေ ရှိပါတယ်။
အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ်ထပ်မံအနိုင်ရတဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ လက်ရှိစစ်ကောင်စီဟာ သူနဲ့သူ့ပါတီဝင်တွေကို ဖမ်းဆီးအကျဉ်းချပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တာ ယနေ့အထိ ဖြစ်ပါတယ်။ ဒီလို အရပ်သားအစိုးရထံကနေ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းသူပြည်သားထက်ဝက်လောက်ဟာ ဆင်းရဲချို့တဲ့ သွားခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက မကြာခင်က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်ကို ဖြုတ်ချတဲ့ ၁၉၈၈ လူထုအရေးတော်ပုံကနေ လက်ရှိကာလအထိ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင် တွေရဲ့ အငြိုးထား၊ တိုက်ခိုက်၊ ဖမ်းဆီးမှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ပြည်သူတွေနဲ့ လွတ်လပ်စွာ ထိတွေ့ဆက်ဆံခွင့်ရတဲ့ကာလဟာ ဆယ်စုနှစ်တစ်ခုစာတောင် မရှိခဲ့ဘဲ တစ်ဖန်စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးအကျဉ်းချခြင်းကို ခံနေရတာ ဖြစ်ပါတယ်။