တောင်ငူမြို့အနောက်ဘက်၊ အမြန်လမ်းနဲ့ကပ်လျက်ကရွာတွေမှာ တိုက်ပွဲတွေဖြစ်
ရန်ကုန် - ၂၀၂၅ မေ ၂၃ (မော်ကွန်း)
တောင်ငူမြို့ရဲ့ အနောက်ဘက် ရန်ကုန်-နေပြည်တော် အမြန်လမ်းနဲ့ ကပ်လျက်ရှိတဲ့ ငုံးမင်းနဲ့ စပါးကြွယ်ကျေးရွာတွေမှာ နှစ်ရက်ဆက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး ၎င်းကျေးရွာတွေက ဒေသခံတွေဟာ တောင်ငူမြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ တောင်ငူမြို့ခံ ပရဟိတအသင်းတချို့က ပြောပါတယ်။

အမြန်လမ်း ၁၄၇ မိုင်အနီးမှာရှိတဲ့ ၎င်းကျေးရွာတွေအနီးက ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာပါ။
မနေ့ကထိ နှစ်ဖက်တိုက်ပွဲတွေ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
၎င်းကျေးရွာတွေအနီးမှာ ဒေသခံရာနဲ့ချီပြီး ပိတ်မိနေတာကြောင့် တောင်ငူမြို့ပေါ်က ပရဟိတအသင်းတွေက လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ တောင်ငူမြို့ခံ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ပြေပါတယ်။
“မနေ့ကနဲ့ ဒီနေ့တစ်နေ့လုံး တောင်ငူက ပရဟိတအသင်းတွေအကုန်စုပြီး ပြောင်းရွှေ့ပေးနေကြပါတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းတွေ ဘုရားတွေမှာပဲ ခဏပို့ထားတယ်” လို့ ၎င်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စပါးကြွယ်ကျေးရွာအတွင်း နေအိမ်အများအပြား လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အခြေစိုက်ထားတဲ့ တောင်ငူမြို့ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မြောက်ပိုင်းဒေသတွေနဲ့ စပ်ဆက်နေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုဖြစ်တဲ့ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားပါတယ်။