ဇီးကုန်မှာ မိုင်းဆွဲခံရတဲ့စစ်ကောင်စီစစ်ကြောင်း ရွာတွေကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ဆို
ရန်ကုန်-၂၀၂၄ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်ထဲက ဒိုးနွယ်ရွာဘက်ကို မနေ့တုန်းက ပေါ်တာဆွဲဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရခဲ့ပြီးနောက် စစ်ကောင်စီက လူအင်အားဖြည့်ကာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ တိုက်ခိုက်ခဲ့တဲ့ BTZM GBK PDF အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ မိုင်းဆွဲလိုက်တဲ့နေရာတကျောကရွာတွေကို စစ်ကြောင်းထိုးမယ်လို့ သိထားရပါတယ်။ မီးကောက်ပင်၊ ဒိုးနွယ်၊ ခက်ချိုကွင်း စတဲ့ အဲဒီဘက်တကျောတွေ စစ်ကြောင်းထိုးမယ်လို့ သိထားပါတယ်။ အဲဒီကနေ ကျော်လာရင် ကြို့ပင်ကောက်နယ်ထဲက သခွပ်ပင်၊ ရုံးချောင်းရွာတွေပေါ့၊ ဒီနေရာမျိုးတွေအထိ ဆက်ထိုးနိုင်ပါတယ်” လို့ BTZM GBK အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
ဒါအပြင် ဇီးကုန်းမြို့နယ်နဲ့ကပ်လျက်က ကြို့ပင်ကောက်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ အင်အားဖြည့်နေတာတွေရှိတယ်လို့ သူကဆိုပါတယ်။
“ ကြို့ပင်ကောက်မြို့နယ်ဘက်ကနေလည်း ပြင်ဆင်နေတာရှိတယ်။ ဒီနေ့ဆိုလည်း စစ်ခွေးကား သုံးစီးလောက်တက်တယ်။ အလယ်ကုန်းရဲစခန်းမှာ အထိုင်ချနေတယ်။ ဘယ်ကို ဦးတည်မလဲဆိုတာတော့ သတင်းအတိအကျ ကျွန်တော်တို့မရသေးဘူး” လို့ ဒီနေ့အခြေအနေကို သူက ပြောပါတယ်။
မနေ့က မနက် ၁၀ နာရီခန့်မှာ ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ရွာကို ပေါ်တာဆွဲဖို့ သွားတဲ့ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့တွေက ရှေ့ထွက်မိုင်းခွဲပြီး တိုက်ခိုက်ခဲ့သလို အပြန်အလှန်ပစ်ခတ်ကြတာတွေလည်း ဖြစ်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းဘက်က နှစ်ဦး ဒဏ်ရာရပြီး သုံးဦးသေဆုံးတယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက် ထုတ်ပြန်ထားပါတယ်။
အဲဒီယာဉ်တန်းမှာ ဇီးကုန်းမြို့က စစ်ကောင်စီဝင်တွေနဲ့ အဲဒီမြို့နယ်ထဲမှာ ပြည်သူ့စစ်(အရပ်အခေါ်ပျူစောထီး)အားကောင်းတဲ့ ဘော်ဘင်ရွာကတပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ ၃၈၀၁-တပ်ရင်း၊တပ်ခွဲ-၃(နတ်စစ်သည်တပ်ဖွဲ့) နဲ့ BTZM GBK PDF ရိုးမအခြေပြုတပ်ဖွဲ့ တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းတုန်းကလည်း လက်လွှတ်ထားရတဲ့ မင်းလှ-စိန်ကန့်လန့်-မြို့ချောင်း(အမြန်လမ်း)လမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ၃၈၀၂-တပ်ရင်း၊ တပ်ခွဲ-၅ က မင်းလှမြို့အရှေ့ဘက် ပဲခူးရိုးမပေါ်၊ ခါချဉ်တောင်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄၀ လောက် ထိခိုက်သေခဲ့ကြတယ်လို့ ၃၈၀၂-တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။