ဒေါက်တာတေဇာဆန်း မန္တလေးမှာအာဏရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ပြီးနောက် အစစ်ဆေးတင်းကြပ်နေ
မန္တလေး-၂၀၂၄ ဇူလိုင် ၂၃ (မော်ကွန်း)
လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မနေ့ကညပိုင်းက မန္တလေးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်မှာ နေ့ရောညပါ ဧည့်စာရင်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“သူရောက်နေတယ်လို့ သတင်းတွေထွက်တာက လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းကပဲ။ မြို့ပေါ်ကလူတွေက သူ့ကိုဟိုနေရာမှာတွေ့လိုက်တယ်၊ ဒီနေရာမှာတွေ့လိုက်တယ်နဲ့ပြောကြတော့ စစ်တပ်က အဲဒီနေ့တွေကတည်းက ပိုက်စိပ်တိုက်စစ်တာပဲ။ အခုဆို မနက် ၁၀ နာရီ ၁၁ နာရီလောက်ကတည်းက အဖွဲ့လိုက် ဧည့်စာရင်းလိုက်စစ်နေတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ဒေါက်တာတေဇာစန်းဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း မနေ့ကညပိုင်းက ‘အညာမြေ မြို့ရွှေမန်းမှာ ကိုယ့်ပြည်သူတွေနဲ့ ပြန်လည်ထိတွေ့ဖြစ်တယ်ဗျာ’ လို့ ဆိုထားပြီး ‘ငါတို့အားလုံး အုံကြွတော်လှန်ဖို့ အချိန်ကျပြီ’ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာပါ။
သူဟာ မန္တလေးမြို့အဝင်၊ မြို့တွင်းလမ်းမကြီးတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးကျုံးဘေးမှာ ဆန္ဒဖော်ထုတ်ခဲ့တာပါ။
“ဒီလောက်စစ်ဆေးရေး ကြပ်ထားတဲ့ကြားကနေ မြို့ပေါ်မှာ ဆန္ဒပြသွားတာ အတော်လေးစားဖို့ကောင်းတယ်။ သူရောက်နေတယ် သတင်းကြားပြီးကတည်းက စစ်တပ်က ပိုက်စိပ်တိုက်ရှာနေတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီအပြင် မန္တလေးမြို့အနီး မတ္တရာမြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြို့တွင်းနဲ့ မြို့ပြင်မှာလည်း စစ်ကောင်စီတပ်တွေက အစစ်ဆေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့လည်း မန္တလေးမြို့အနီး ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့နေပြီး မီးလောင်နေတဲ့ မီးခိုးတွေ မန္တလေးမြို့ဘက်ကနေ လှမ်းမြင်နေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။



