ဘုတလင်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၀ ခန့်သေ
ရန်ကုန် - ၂၀၂၅ စက်တင်ဘာ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း ဘုတလင်နယ်ကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒီလကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က ၄၀ ဦး ခန့် သေဆုံးသွားတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဒီနေ့ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့လနဲ့ ဒီလဆန်းပိုင်းမှာ စစ်ကော်မရှင်တပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေပြုတဲ့ မုံရွာမြို့ကနေ ဘုတလင်နယ်ထဲကို မုံရွာ-ဘုတလင်လမ်းပိုင်းအတိုင်း နယ်မြေရှင်းလင်းဖို့အတွက် အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာပါ။
၎င်းစစ်ကြောင်းကို ပြီးခဲ့တဲ့လ ၃၁ ရက်က ဘုတင်လင်မြို့နယ် ကံသာရွာအနီးမှာ တော်လှန်ရေးမဟာမိတ်တပ်တွေက ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ၎င်းညနေပိုင်းမှာပဲ ကုန်းသာရွာအနီးမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ခန့်မှန်း ၄၀ ဦး သေဆုံးခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ ၎င်းစစ်ကော်မရှင်စစ်ကြောင်းဟာ မုံရွာ-ဘုတလင်ကားလမ်းအနီးက အနောက်ဇီးတောရွာ၊ ရွှေတောင်ရွာ၊ ကံသာရွာနဲ့ ထူးကြီးရွာ တို့က နေအိမ်တချို့ကို မီးရှို့ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ဘုတလင်ကနေ မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုတွေကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ဘုတလင်မိုဘိုင်းအဖွဲ့ (Budalin Mobile Team)၊ Anonymous Hero၊ ရတနာပုံတော်လှန်ရေးအဖွဲ့ (YRF)၊ ဗမာ့တပ်တော် အမှတ် (၂) စစ်ဦးစီးရုံးကွပ်ကဲမှုအောက် အမှတ် (၅၀၅) တပ်ရင်း၊ ရွာဇော်ကြီးတော်လှန်အသံ (သတင်းနှင့်တိုက်ခိုက်ရေးအဖွဲ့ )၊ မုံရွာခရိုင်တပ်ရင်း (၁၈)၊ ဘုတလင်မြိူ့နယ် ပကဖနဲ့ မုံရွာမြို့နယ် ပလဖတို့ ပူးပေါင်းပါ၀င်ခဲ့တာပါ။
တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ ဘုတလင်မြို့နယ်မှာ စစ်ကော်မရှင်တပ်တွေ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်တာတွေ၊ ကျေးရွာတွေကို မီးရှို့တာတွေရှိနေပြီး ဒေသခံတွေဟာ မကြာခဏ အရေးပေါ် စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို လက်လွှတ်ထားရတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲက မုံရွာ-ဘုတလင် လမ်း၊ မုံရွာ-အရာတော်၊ မုံရွာ-ရွှေဘို လမ်းပိုင်းတွေကို ပြီးခဲ့တဲ့လပိုင်းတွေမှာ စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးမှု ပြန်လည်ရယူဖို့ လုပ်ဆောင်လာတာပါ။
စစ်ကော်မရှင်အနေနဲ့ စစ်ကိုင်းတိုင်းထဲမှာ ရွေးကောက်ပွဲကာလအတွင်း နယ်မြေစိုးမိုးမှု ရယူထားဖို့နဲ့ တော်လှန်ရေးတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေ စိုးမိုးဒေသတွေကို ဖြတ်တောက်ပိတ်ဆို့ဖို့ အခုလို စစ်ကြောင်းတွေ ဆက်တိုက်ပို့လွှတ်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။


