ခရိုနီဦးတေဇသမီး ရေချယ်တေဇအကြောင်းဆောင်းပါးကို ကမ္ဘာကျော်ဖက်ရှင်မဂ္ဂဇင်းဖြုတ်ချ
ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၈ (မော်ကွန်း)
ကမ္ဘာကျော်ဖက်ရှင်မဂ္ဂဇင်း Vogue(အီတလီ) က မြန်မာထိပ်တန်းခရိုနီ ဦးတေဇရဲ့သမီး၊ ရေချယ်တေဇ(ထူးထွေးတေဇ) အကြောင်း ဖော်ပြထားတဲ့ဆောင်းပါးကို သူတို့ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားပစ်လိုက်ပြီလို့ ဒီလိုအရေးယူဖို့တောင်းဆိုခဲ့တဲ့ Justice For Myanmar(JFM) အဖွဲ့က ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။



မဂ္ဂဇင်းကိုပိုင်တဲ့ မိခင်ကုမ္ပဏီ Condé Nast ထံ JFM က စာပို့တောင်းဆိုပြီးနောက် Vogue(အီတလီ) က အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Vogue က သူတို့ပလက်ဖောင်းမှာ ရေချယ်တေဇအကြောင်း ဖော်ပြပေးတာဟာ စစ်အုပ်စုကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထောက်ပံ့အားပေးနေတဲ့ မိသားစုကို နာမည်ကောင်းခဝါချပေးရာရောက်တယ်လို့ JFM က သတိပေးပါတယ်။
ရေချယ်တေဇဟာ သူ့အဖေပိုင် ထူးအုပ်စုမှာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့အပြင် မြန်မာအရပ်သားတွေအပေါ် စစ်တပ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကနေ အမြတ်အစွန်းရနေသူလို့ JFM က ထုတ်ပြန်ပါတယ်။
ထူးအုပ်စုက မြန်မာစစ်တပ်ရဲ့ စစ်လက်နက်သဘောတူညီချက်တွေကို ကြားဝင်စေ့စပ်သလို စစ်အုပ်စုကို မြေငှားခနဲ့ အခြား မသမာတဲ့သဘောတူညီချက်တွေကတစ်ဆင့် ငွေထောက်ပံ့ပေးနေတယ်လို့ JFM က ဖော်ပြပါတယ်။
ထိပ်တန်းခရိုနီ ဦးတေဇသမီးဟာ ကမ္ဘာ့ဖက်ရှင်လောကမှာ နာမည်ကြီးတဲ့ အီတလီနိုင်ငံ၊ မီလန်မြို့မှာ ဖက်ရှင်ဒီဇိုင်းပညာကို တက်ရောက်သင်ကြားနေသူ ဖြစ်ပါတယ်။ သူ့လက်ရာ ဖက်ရှင်ဒီဇိုင်းပြပွဲတစ်ခုကို ၂၀၂၃ တုန်းက မီလန်မြို့က သင်တန်းတက်ရာကျောင်းမှာလုပ်ခဲ့တာကို တွေ့ရပါတယ်။
အီတလီနိုင်ငံမှာ ရောက်နေတဲ့ ရေချယ်တေဇကို အရေးယူနှင်ထုတ်ဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ဥရောပသမဂ္ဂ(EU)က ထိန်းသိမ်းထားဖို့ JFM က ကုန်ခဲ့တဲ့နှစ် မတ်လကတည်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ရေချယ်တေဇဟာ EU က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သူ့အဖေပိုင် ထူးအုပ်စုအတွက် အီတလီမှာ နေထိုင်ရင်း အလုပ်လုပ်ပေးနေတဲ့အတွက် အရေးယူဖို့တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ထူးကုမ္ပဏီအုပ်စုကို EU အပြင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ယူကေနိုင်ငံတွေကလည်း ဒဏ်ခတ်ပိတ်ဆို့ ထားပါတယ်။ ဒါအပြင် ဦးတေဇနဲ့ ရေချယ်တေဇရဲ့ အစ်ကိုတွေဖြစ်တဲ့ ပြည့်ဖြိုးတေဇနဲ့ ထူးထက်တေဇ တို့ကိုလည်း အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပြီး ဖြစ်ပါတယ်။
ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုက မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့နေတာလို့ JFM က ဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရေချယ်တေဇတို့ မိသားစုက အားပေးကူညီလျက်ရှိပြီး စစ်တပ်ရဲ့ နိုင်ငံတကာစီးပွားရေးကွန်ယက်မှာ အရေးပါတဲ့ဆက်ထုံးအဖြစ် ထူးအုပ်စုက ရပ်တည်နေတာလို့ JFM က ထုတ်ပြန်ပါတယ်။ ဒီကိစ္စတွေကို မြန်မာနဲ့စင်္ကာပူနိုင်ငံမှာရှိတဲ့ ထူးအုပ်စုပိုင် ကုမ္ပဏီလုပ်ငန်းပေါင်း ၆၀ ကျော်ရဲ့ ကွန်ယက်ကတစ်ဆင့် ဆောင်ရွက်နေတာလို့ JFM က ဆိုပါတယ်။
JFM ကတော့ စစ်အုပ်စုအကျိုးစီးပွားကို ဖော်ဆောင်ပေးနေတဲ့ ခရိုနီတွေကိုတိုက်ခိုက်တာဟာ မပြီးသေးဘူးလို့ သတိပေးပါတယ်။ ခရိုနီဖက်ရှင်ဒီဇိုင်းတွေကို ငြင်းပယ်ဖို့ ကမ္ဘာ့ဖက်ရှင်အသိုင်းအဝိုင်းကို သူတို့တောင်းဆိုနေတယ်လို့ အသိပေးပါတယ်။


