မိုးဗြဲကို စစ်ကောင်စီအလုံးအရင်းနဲ့ထိုးစစ်ဆင်၊ တော်လှန်ရေးတပ်တွေရဲ့စခန်းတချို့ ဆုတ်ခွာပေးရ
ရန်ကုန် - ၂၀၂၅ ဇူလိုင် ၁ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ ရှမ်းတောင်နဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ပေါ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးတပ်တွေရဲ့ မြို့ပေါ်ကကင်းစခန်းတချို့ ဆုတ်ခွာပေးလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မိုးဗြဲမြို့မဈေး၊ ရပ်ကွက် (၃) ကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေရဲ့ ဘန်ကာတချို့ကိုရှင်းလင်းထားတဲ့ ဓါတ်ပုံတွေကိုလည်း စစ်ကောင်စီရဲ့ လော်ဘီ တယ်လီဂရမ်ချယ်နယ်တချို့က ဒီမနက်ပိုင်းကဖြန့်ဝေနေကြပါတယ်။
အခုလို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် မိုးဗြဲမြို့ရဲ့ အဓိက လမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုဖို့နဲ့ စစ်ရေးသတိနဲ့သွားလာကြဖို့ ရှမ်းတောင်၊ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတွေကလည်း မနေ့ကညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
မိုးဗြဲမြို့မှာ တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“အရင်ကလည်း မိုးဗြဲမှာ နေ့တိုင်းတိုက်ပွဲရှိတယ်။ အခုတော့ မြို့ပေါ်ထိ တက်လာပြီလို့ကြားရတာပေါ့နော်။ ဒီဘက် တော်လှန်ရေးဘက်ကလည်း ပြန်တိုက်မှာပဲဆိုတော့ တိုက်ပွဲပိုပြင်းလာဖို့ပဲရှိပါတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကလည်း မိုးဗြဲမြို့ မြို့မရပ်ကွက်မှာ နေအိမ်ကိုပြန်သွားတဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
မိုးဗြဲမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ရွာတွေမှာ ပြီးခဲ့တဲ့လ လဆန်းပိုင်းကစပြီး တစ်လလုံးနီးပါး တိုက်ပွဲတွေဖြစ်နေကာ မိုးဗြဲမြို့ပေါ်ကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ဒေသခံတချို့ ထိခိုက်မှုတွေရှိတဲ့အပြင် နေအိမ်တွေလည်း အများအပြား ပျက်စီးနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“မြို့ပေါ်မှာတော့ ဘယ်သူမသွားရဲကြတော့ပါဘူး။ စစ်ဘေးရှောင်တွေ တခါတလေ အိမ်ပြန်ကြည့်တာလောက်ပဲ အသွားအလာရှိတယ်။ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်နေလို့ အိမ်တွေလည်း ပျက်နေတာများတယ်” လို့ မိုးဗြဲဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည့်သူ့စစ် (PNO) တပ်တွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းအသစ်တွေ အင်အားဖြည့်တင်းပြီး ဖယ်ခုံအင်းရဲ့ အရှေ့ဘက်ကမ်းနဲ့ အနောက်ကမ်းက တော်လှန်ရေးတပ်တွေ ခြေကုပ်ယူထားတဲ့ နေရာတွေကို ထိုးစစ်ဆင်လာတာပါ။
ဒီရက်ပိုင်းမှာ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီဆက်စပ်နေတဲ့ မိုးဗြဲနဲ့ ဖယ်ခုံ အပါအဝင် ဘော်လခဲနဲ့ ဖားဆောင်းတို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။