ဘုတလင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရက်ပိုင်းအတွင်း အရပ်သားရာနဲ့ချီဖမ်းဆီးထား
ဘုတလင်-၂၀၂၄ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြို့တော်မုံရွာနဲ့ကပ်လျက်က ဘုတလင်မြို့နယ်ထဲကို ဒီလ ၂၅ ရက်ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့ပေါ်နဲ့ မြို့နယ်ထဲမှာ ရက်ပိုင်းအတွင်း လူ ၂၀၀ နီးပါးကို ဖမ်းထားတယ်လို့ ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့တုန်းကလည်း ကင်းစမ်းရွာအနောက်ဘက်တောစပ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ပြီး အနီးနားက ဆိုင်ကယ်ငါးစီးကိုလည်း မီးရှို့သွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
" ပြည်သူတွေ ဖမ်းခံရတာ ၂၀၀ နီးပါးရှိမယ်။ ဘုတလင်မြို့မှာ ဒီဇင်ဘာ ၂၆ ညက ဖမ်းပြီးပေါ်တာဆွဲတာဆိုရင် ၁၂ နှစ်အရွယ်တွေတောင်ပါတယ်။ နွား ခုနစ်ရှဥ်းပါယူသွားပြိီး ထမ်းပိုးတုံးမှာ အထုတ်အပိုးတွေချည်နှောင်ပြီး စစ်ကြောင်းထိုး နေတယ်"လို့ ဘုတလင်မြို့နယ်က စစ်ဘေးရှောင် ဦးတင်က ပြောပါတယ်။
ဖမ်းစီးခံရတဲ့သူတွေထဲမှာ ကြက်သွန်စိုက်နေရင်း အဖမ်းခံရတဲ့ အမျိုးသမီးတွေ၊ ဘုတလင်မြို့ပေါ်မှာ နေသူတွေနဲ့ ခရီးသွားကားတွေပေါ်က အမျိုးသားတွေပါဝင်ပြီး အဲဒီအထဲ သက်ကြီးရွယ်အိုတချို့နဲ့ကလေး သူငယ်တွေပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီစစ်ကြောင်းဟာ ကူတော်ရွာကနေ ကတိုးရွာဘက်ကို ရောက်ရှိနေပြီး စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီစစ်ကြောင်းကြောင့် ဘုတလင်မြို့နယ်ထဲက ကူတော်၊ ကင်းစမ်း၊ တက်လှိုင်း၊ မြောက်ကျီ၊ မြောက်တော၊ ညောင်ပင်ကြီး၊ သပြေပင်၊ ပဲမစ်တောနဲ့ ကတိုးစတဲ့ကျေးရွာတွေက ဒေသခံ ၂၀,၀၀၀ ခန့် စစ်ဘေးရှောင်နေကြရပါတယ်။