စစ်ကိုင်းငလျင်ဘေး သုံးလပြည့်လာပေမယ့် မြေပြင်ပြန်လည်ထူထောင်ရေး အလုပ်မဖြစ်သေး
ရန်ကုန်- ၂၀၂၅ ဇွန် ၂၇ (မော်ကွန်း)
သုံးလတိုင်ပြီဖြစ်ပေမယ့် စစ်ကိုင်းငလျင်ဘေးကြောင့် ထိခိုက်ခဲ့သူတွေဟာ ပုံမှန်အခြေအနေပြန်ရဖို့ ရုန်းကန်နေကြရဆဲပဲလို့ မြေပြင်ကူညီနေသူတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောဆို ထုတ်ပြန်ကြပါတယ်။



ဒီနှစ် မတ်လ ၂၈ ရက်မှာ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး နဲ့ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသဟာ အဓိက ထိခိုက်ခဲ့ရပြီး ဒီငလျင်ကြောင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုးလောက် ထိခိုက်ရတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။
လူ လေးထောင်နီးပါးသေပြီး ငါးထောင်ကျော် ဒဏ်ရာရခဲ့သလို အခြေခံအဆောက်အအုံတွေ၊ လူနေအိမ်တွေ သောင်းနဲ့ချီပြီး ပျက်စီးခဲ့ရတာပါ။
“ မန္တလေးမှာတော့ စဖြစ်တုန်းကနဲ့ သိပ်ထူးထူးခြားခြား ပြောင်းလဲလာသေးတာ မရှိပါဘူး။ ဘေးဒုက္ခကြုံရသူတွေက အလှူရှင် တွေ လှူတာကို စားရင်း ဒီအတိုင်းပါပဲ” လို့ ငလျင်ဘေးသင့်သူတွေကို ကူညီနေတဲ့ မန္တလေးမြို့ခံတစ်ဦးက ဒီနေ့ ပြောပါတယ်။
ဘေးသင့်ကာလ သုံးလ ပြည့်လာပေမယ့် ငလျင်ဘေးသင့်ခဲ့သူအများစုဟာ သူတို့ မူလအခြေအနေကို ပြန်မရောက်ကြသေးဘူး လို့လည်း ကူညီသူတွေက ဆိုပါတယ်။
ဒီငလျင်ကြောင့် လူပေါင်း ၆ ဒသမ ၃ သန်းကျော်ကို အကျိုးသက်ရောက်ခဲ့ပြီး အဲဒီအထဲက ၂ ဒသမ ၁ သန်းဟာ ရှိရင်းစွဲ ပြည်တွင်းစစ်ကြောင့် နဂိုကတည်းက ဘေးဒုက္ခသင့်နေသူတွေလို့ ကုသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ဖော်ပြပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအကူအညီတွေဟာ စစ်ကောင်စီကတဆင့် ငလျင်ဒဏ်သင့်ဒေသတွေကို ပံ့ပိုးနေကြပေမယ့် မြေပြင်မှာတော့ သုံးလတိုင်လာသည့်တိုင် ထူးခြားတဲ့အပြောင်းအလဲမျိုး မဖန်တီးနိုင်သေးဘူးလို့ ကူညီသူတချို့က ပြောဆိုကြ ပါတယ်။
မြေပြင်မှာ လွဲနေတဲ့ ပြဿနာကလည်း ဒုက္ခသည်တွေကို စားသောက်စရာတွေ ဝိုင်းဝန်းလှူဒါန်းနေကြပေမယ့် သူတို့ လူမှုဘဝ ပြန်လည်ထူထောင်ဖို့နဲ့ ပုံမှန်အလုပ်တွေ ပြန်လုပ်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးအရင်းအနှီးကို မပေးနိုင်တာလို့ ကူညီသူတချို့က ပြောပါတယ်။
“ဒုက္ခသည်စခန်းမှာ နေထိုင်နေရသူတွေကို သွားမေးရင်လည်း သူတို့ကိုယ်တိုင်ပြောတာက ဆန်၊ဆီ၊ဆား၊ သူတို့အတွက် မလိုဘူး။ အဓိက လိုနေတာက အိမ်ငှားဖို့တို့၊ အိမ်ပြင်ဖို့တို့အတွက် ပိုက်ဆံပဲ။ ရင်းနှီးလုပ်ကိုင်ဖို့အတွက် ငွေပေါ့။ အခုက လွဲနေတာက စားဖို့အတွက်လှူပြီး လုပ်ငန်းလုပ်ဖို့အတွက် ငွေကူမယ့်သူမရှိဘူး ” လို့ မန္တလေးမြို့က ကူညီနေသူတစ်ဦးက ပြောပါတယ်။
UNHCR ကတော့ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေအတွက် ဒီနှစ်လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၈ သန်းကျော် ရှိပေမယ့် မေလအထိ လိုအပ်ငွေရဲ့ ၂၈ ရာခိုင်နှုန်းသာ လက်ခံရရှိသေးတယ်လို့ ထုတ်ပြန်ပါတယ်။