ရန်ကုန်မြို့ကဆန်ဆိုင်တွေကို စစ်ကောင်စီက အင်းအားသုံးဝင်ရောက်စစ်ဆေး
ရန်ကုန် - ၂၀၂၄ ဇူလိုင် ၂ (မော်ကွန်း)
စစ်ကောင်စီဟာ ရန်ကုန်မြို့ပေါ်က ဈေးတွေနဲ့ ရပ်ကွက်တွေထဲကဆန်ဆိုင်တွေကို ဒီနေ့မှာ အင်အားအလုံးအရင်းနဲ့စစ်ဆေးခဲ့ပြီး သူတို့သတ်မှတ်ဈေးအတိုင်းရောင်းချဖို့ ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဆန်ဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။
ဒီမနက်ပိုင်းမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ဆန်ဆိုင်တချို့ကို စစ်ကောင်စီရဲ့ စစ်ဆေးရေးအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးရေးအဖွဲ့မှာ စစ်သား၊ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အများအပြားပါဝင်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က ဈေးတွေနဲ့ဆန်ဆိုင်တွေကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ ထွေအုပ်တွေပါဝင်တဲ့အဖွဲ့တွေ ဒီမနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးတာတော့မရှိခဲ့ဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီလိုစစ်ဆေးရာမှာ သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခြင်းရှိ၊ မရှိကို အဓိကထား စစ်ဆေးသွားခဲ့ကာ ဈေးနှုန်းတွေကိုမေးမြန်းခဲ့ပြီး သတ်မှတ်ဈေးနဲ့ မရောင်းချပါက ဖမ်းဆီးအရေးယူနိုင်တယ်ဆိုကာ ပြောဆိုသွားတယ်လို့ ပြောပါတယ်။
“သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေပဲ ပြောပြလိုက်တော့ ပြီးသွားတယ်။ ဒီတိုင်းပဲ လိုက်ပြီး စစ်တယ်ပေါ့။ ပြီးတော့ သတ်မှတ်ဈေးနှုန်းနဲ့ပဲရောင်းဖို့ ပြောတယ်။ အင်အားပြပြီးခြောက်တဲ့ပုံစံပဲ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူက ပြောပါတယ်။
ဒီလို စစ်ဆေးနေတဲ့ အခြေအနေတွေကြောင့် ဆန်ဆိုင်တွေဟာလည်း သူတို့ဝယ်ထားတဲ့ အရင်းတန်ဖိုးထက် လျှော့မရောင်းလိုတာကြောင့် ဆန်အရည်အသွေးမပြည့်တာတွေ၊ ဆန်အမျိုးအစားရောတာတွေ ရှိလာတယ်လို့ ဆန်လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့အတွက် မမြတ်ရင်တောင်မှ မရှုံးအောင်ရောင်းမှာပဲ။ အဲဒီအခါ ဆန်အရည်အသွေးဟာ မကောင်းတာတွေ ဖြစ်လာမယ်။ ဥပမာ ကျွန်တော် တစ်သိန်းခုနစ်သောင်းနဲ့ ဝယ်ထားတဲ့ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို တစ်သိန်းခွဲနဲ့ ချမရောင်းပေးနိုင်ဘူး။ အဲဒီတော့ တခြားအမျိုးအစားနဲ့ ရောပြီးရောင်းရမယ့် အခြေအနေဖြစ်လာမယ်” လို့ ၎င်းကပြောပါတယ်။
မနေ့ကလည်း စစ်ကောင်စီက သတ်မှတ်ပေးထားတဲ့ဆန်ဈေးနှုန်းထက် ပိုမိုအမြတ်တင်ရောင်းတယ်ဆိုကာ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ နာမည်ကြီးဈေးဝယ်စင်တာတချို့က တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ အရေးယူခံရသူတွေဟာ သတ်မှတ်ဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချခဲ့တာကြောင့် သူတို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) နဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့ပြင် နေပြည်တော်အပါအဝင် မြို့ကြီးတွေက ဆန်ဂိုဒေါင်တွေ၊ ဆန်စက်တွေနဲ့ ဆန်ဆိုင်ကြီးတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဆေးခဲ့ပြီး ဆန်စပါး လုပ်ငန်းရှင် ၅၈ ဦးကို သတ်မှတ်ဈေးထက် အမြတ်တင်ရောင်းချခဲ့တာကြောင့် အရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
ဥပဒေဖောက်ဖျက်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ထောင်ဒဏ်ခြောက်လကနေ အများဆုံး ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်နိုင်တဲ့အပြင် ကျပ်ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်ခြင်းခံရမှာဖြစ်ပြီး အဲဒီကုန်စည်တွေနဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံဘဏ္ဍာအဖြစ်လည်း သိမ်းဆည်းနိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်
ပုံစာ - ဈေးနှုန်းရေးမထားတော့တဲ့ ရန်ကုန်မြို့က ဆန်ဆိုင်တစ်ဆိုင်
Photo - Supplied
Website
https://mawkun.com
Telegram
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkunmagazine
X
Discord
Linktree



