ကမ္ဘာ့ရွှေဈေးအနည်းငယ်ပြန်ကျသော်လည်း မြန်မာ့ရွှေ ကျပ်သိန်း ၈၀ ဝန်းကျင်မှာတန့်နေ
ရန်ကုန် - ၂၀၂၅ ဇွန် ၂၅ (မော်ကွန်း)
နိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်လည် ကျဆင်းလာပေမယ့် ပြည်တွင်းရွှေဈေးကတော့ ကျဆင်းသွားတာမရှိသေးဘဲ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်မှာတန့်နေတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးသတင်းကြောင့် တစ်အောင်စကို ဒေါ်လာ ၃,၄၅၀ ဝန်းကျင်ထိ အမြင့်ဆုံးရောက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီသီတင်းပတ်ထဲမှာ ပြန်လည်ကျဆင်းလာပြီး တစ်အောင်စကို ဒေါ်လာ ၃,၃၄၀ ဝန်းကျင်ကို ပြန်ကျဆင်းသွားတာပါ။
ဒီရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလာပြီးနောက် ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းခဲ့တယ်လို့ ဈေးကွက်လေ့လာသူတချို့က ပြောပါတယ်။
ပြည်တွင်းရွှေဈေးကွက်မှာတော့ ဒီလ ဒုတိယအပတ်အတွင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး ဒီနေ့ညနေပိုင်း ဈေးဖွင့်လှစ်မှုမှာလည်း တစ်ကျပ်သားကို ကျပ်သိန်း ၈၀ မှာပဲ ဆက်ရှိနေတာပါ။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကျဆင်းနေပေမယ့် ပြည်တွင်းမှာ ဒေါ်လာဈေးအတက်ပြနေပြီး ရွှေဈေးကွက်က သိသိသာသာ ကျဆင်းသွားတာမရှိသေးဘူးလို့ ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။
“လက်ရှိ ကမ္ဘာ့ရွှေဈေးက နည်းနည်းထိုးကျသွားတယ်။ ပြန်တက်ဖို့တော့နည်းသွားပြီပေါ့။ ကမ္ဘာ့ရွှေဈေးအကျကြောင့် ထိုင်းရွှေဈေးလည်းပြန်ကျနေတယ်။ ပြည်တွင်းမှာတော့ ကျသွားတာမတွေ့သေးဘူး။ ဒီမှာက ဒေါ်လာအပေါ်မှာပဲ အခြေခံတာကြောင့် ဒေါ်လာဈေးက အတက်ပြနေတော့ ကမ္ဘာ့ရွှေနဲ့က ပြောင်းပြန်ဖြစ်နေတယ်။ ဒေါ်လာဈေး အပြောင်းအလဲကိုပဲ စောင့်ကြည့်ရမှာ” လို့ ၎င်းဈေးကွက်လေ့လာသူက ပြောပါတယ်။
ဒီနှစ်သင်္ကြန်ကာလ ပိတ်ရက်မတိုင်မီကာလက ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ်သိန်း ၇၀ ဝန်းကျင်မှာပဲရှိရာက ပြီးခဲ့တဲ့လနဲ့ ဒီလဆန်းပိုင်းတွေမှာ ဆက်တိုက်မြင့်တက်ပြီး ဒီလ ဒုတိယအပတ်မှာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ထိ ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက်မှာ ရွှေဆိုင်တွေကို စစ်ဆေးတာ အွန်လိုင်းကနေ ရွှေအရောင်းအဝယ်ပြုလုပ်တာတွေကို ဖမ်းဆီး၊ စစ်ဆေးမှုတချို့ရှိခဲ့ပြီး ရွှေအတုံးအခဲ ရောင်းချမှုတွေကိုလည်း ရပ်ဆိုင်းထားဖို့ ရွှေလုပ်ငန်းရှင်အသင်းက ရွှေဆိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
ရွှေဆိုင်တွေမှာ ရွှေအတုံးအခဲရောင်းချတာကို ဒီနေ့အထိ ဆက်ပိတ်ထားပြီး နီးစပ်ရာ ရွှေလုပ်ငန်းရှင်အချင်းချင်ကြားမှာပဲ အရောင်းအဝယ်တွေရှိနေတာလို့ ရွှေဈေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
“အခုထိတော့ တချို့ဆိုင်တွေတော့ မရောင်းပေးသေးဘူး။ အကယ်ဒမီတို့ကအစ အရောင်းပိတ်ထားသေးတယ်” လို့ ၎င်းကပြောပါတယ်။
အခုလို ပြင်ပဈေးကွက်မှာ ရွှေဈေးဟာ တစ်ကျပ်သား သိန်း ၈၀ ဝန်းကျင်ကို ရောက်လာပေမယ့် စစ်ကောင်စီရဲ့ ဓါတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီရဲ့ ဒီမနက်ပိုင်း ဈေးဖွင့်လှစ်မှုမှာတော့ တစ်ကျပ်သားကို ကျပ် ၅၈ သိန်းကျော်မှာပဲ သတ်မှတ်ထားတာပါ။