လားရှိုး-မန္တလေးလမ်းပိတ်ထားတာကြောင့် ရှမ်းတောင်ပိုင်းကပတ်သွားရလို့ ကားခတွေဈေးမြင့်တက်
ရန်ကုန် - ၂၀၂၅ ဇူလိုင် ၁၆ (မော်ကွန်း)
ရှမ်းမြောက် နောင်ချိုကတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းပိတ်ထားပြီး ရှမ်းတောင်ပိုင်းကနေ ကွင်းပြီးသွားရတဲ့အတွက် ကားခတွေ မြင့်တက်သွားတယ်လို့ ၎င်းလမ်းကြောင်းမှာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတချို့ ကပြောပါတယ်။

ယခင်က မန္တလေးကနေလားရှိုးအထိ အိမ်စီးကားတွေနဲ့ ပြေးဆွဲနေတဲ့ကားခဟာ တစ်ဦးကို ကျပ်သုံးသိန်းရှိရာက လက်ရှိမှာ ကျပ်သုံးသိန်းခွဲကနေ လေးသိန်းထိ မြင့်တက်သွားတာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် (TNLA) တို့ နောင်ချိုမြို့မှာ တိုက်ပွဲတွေဖြစ်နေတဲ့အပြင် နောင်ချိုနဲ့ ကျောက်မဲကြားက ဂုတ်ထိပ်တံတားကလည်း မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကြောင့် မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းပိုင်းကို နောင်ချိုမြို့အနီးမှာ ပိတ်ထားရပါတယ်။
နောက်ထပ် လမ်းလွှဲတစ်ခုဖြစ်တဲ့ ရွာငံ-ပင်းတယ-ရပ်စောက်လမ်းပိုင်းကတော့ လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် လမ်းပျက်စီးနေပြီး ယာဉ်အငယ်ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ ခရီးသည်တင်ယာဉ် ပြေးဆွဲသူတချို့က ပြောပါတယ်။
လက်ရှိမှာ မန္တလေးကနေ လားရှိုးကိုတက်မယ့်ကားတွေဟာ မန္တလေး-တောင်ကြီး-လဲချား-မိုင်းရယ်-လားရှိုးလမ်းပိုင်းကနေပတ်သွားရပြီး ဒီလမ်းပိုင်းက ခရီးပိုရှည်တယ်လို့ မန္တလေး-လားရှိုး ခရီးသည်တင်ယာဉ် ပြေးဆွဲနေသူတစ်ဦးက ပြောပါတယ်။
“ဒီလမ်းကတော့ အဝေးဆုံးပဲ မနက်စောစောမထွက်ရင် လမ်းမှာတစ်ညအိပ်ရတယ်။ တိုက်ပွဲမရှိတော့ အေးဆေးတော့ သွားလို့ရတယ်” လို့ ၎င်း ခရီးသည်တင်ယာဉ်ပြေးဆွဲသူက ပြောပါတယ်။
ဒါ့အပြင် ရှမ်းတောင်ပိုင်းကပတ်တဲ့လမ်းပိုင်းမှာ ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်သူမဟုတ်ပါက ခရီးသွားထောက်ခံစာတွေ တင်ပြနိုင်ရမှာဖြစ်ပြီး လမ်းခရီးမှာ အစစ်အဆေးလည်း ကြမ်းတယ်လို့ ၎င်းခရီးသွားတချို့ကပြောပါတယ်။
“တောင်ပိုင်းကနေ ပတ်သွားရရင်တော့ ထောက်ခံစာတို့ မှတ်ပုံတင်တို့ အရမ်းအရေးကြီးပါတယ်။ ၁၃ မျဉ််းစောင်းမဟုတ်ဘူးဆိုရင် တော်တော်လေး ရစ်တတ်တယ်။ ပုံမှန်လမ်းအတိုင်းကတော့ ဘာမျဉ်းစောင်းပဲဖြစ်ဖြစ်ရတယ်။ အခုနေတော့ တိုက်ပွဲတွေဖြစ်နေလို့ အရမ်းအရေးမကြီးဘူးဆိုရင်တော့ ရက်လေးနည်းနည်းစောင့်ကြည့်လိုက်ပါလား၊ တိုက်ပွဲတွေ ပြီးသွားရင်တော့ လမ်းပြန်ပွင့်နိုင်မလားမသိဘူး” လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ပြီး တိုက်ပွဲတွေပြန်ငြိမ်သွားပြီဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ဒေသခံတချို့ နေရပ်ပြန်လာတာတွေ ရှိလာတာပါ။
ဒါ့အပြင် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပိုင်းမှာ ဒေသတွင်း ကုန်စည်တွေ စီးဆင်းမှုတွေ ရှိနေတဲ့ ကားလမ်းလည်းဖြစ်ပါတယ်။


