စစ်မှုထမ်းဖို့ မဲမနှိုက်ချင်တဲ့နေအိမ်တွေဆီက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ငွေကောက်ခံနေ
ရန်ကုန် - ၂၀၂၅ ဇန်နဝါရီ ၁၃ (မော်ကွန်း)
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းသင်တန်းအတွက် မဲမနှိုက်လိုတဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ငွေကြေးကောက်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။

ရန်ကုန်တိုင်းရဲ့ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ တောင်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာ ပြီးခဲ့လပိုင်းကစပြီး စစ်မှုထမ်းသင်တန်းအတွက် မဲမနှိုက်လိုတဲ့နေအိမ်တွေကို တစ်အိမ်ထောင် ငွေကျပ်နှစ်သောင်း ကောက်ခံတာတွေ ရှိနေတယ်လို့ ၎င်းမြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။
ဒီလိုငွေကြေးကောက်ခံရာမှာလည်း စစ်မှုထမ်းဥပဒေနဲ့အကြုံးဝင်နေတဲ့ အမျိုးသားတွေရှိတဲ့ နေအိမ်တွေ၊ မဲမနှိုက်လိုတဲ့အတွက် တိမ်းရှောင်နေတဲ့ နေအိမ်တွေကို အဓိကထားပြီး ငွေကြေးကောက်ခံနေတာလို့ ဒဂုံတောင်မြို့နယ် ၅၇ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“မဲနှိုက်တဲ့နေ့က ရှောင်နေတဲ့အိမ်တွေရှိတယ်။ အဲဒီအိမ်တွေကို နောက်တစ်ကျော့ပြန်လာပြီး ပိုက်ဆံကောက်တယ်။ တစ်လနှစ်သောင်းပေးရမယ်ပေါ့။ မဲတော့နှိုက်စရာမလိုဘူးဆိုပြီး အုပ်ချုပ်ရေးမှူးတွေ ခွင်ဖန်တာပေါ့။ သားသမီးတွေကို မပို့ချင်တော့ နှစ်သောင်းကတော့ ပေးလိုက်တယ်လေ” လို့ ၎င်းက ပြောပါတယ်။
ဒေသအသီးသီးမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီး စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၆) ကို သင်တန်းဆင်းထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လလယ်ပိုင်းမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၈) ကိုလည်း ခေါ်ယူဖွင့်လှစ်ထားပြီး စစ်ကောင်စီရဲ့ ဒေသအသီးသီးက တိုင်းစစ်ဌာနချုပ်နယ်မြေတွေ၊ သင်တန်းကျောင်းတွေမှာ သင်တန်းပေးနေတာပါ။
စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းတွေ စတင်ခေါ်ယူစုဆောင်းစဉ်ကတော့ သင်တန်းဆင်းပြီးပါက မိမိဒေသနဲ့ နီးစပ်တဲ့ တပ်နယ်တွေမှာပဲ တာဝန်ထမ်းဆောင်ရမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မြေပြင်မှာတော့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခံရတဲ့ သင်တန်းသားတွေလည်း အများအပြားရှိခဲ့တာပါ။
ဒါ့အပြင် စစ်မှုထမ်းသင်တန်းကို လူငယ်တွေက ရှောင်လွှဲလာတာကြောင့် အတင်းအဓမ္မလူသစ်စုဆောင်းတာ၊ ငွေကြေးနဲ့ငှားရမ်းပြီး လူစားထိုးခေါ်ယူတာတွေလည်း ဒေသတချို့မှာ ရှိလာခဲ့ပါတယ်။
လက်ရှိ စစ်မှုထမ်းဆင့်ခေါ်မှုမှာ ငွေကြေးအဆင်ပြေနေသူတွေကတော့ ရှောင်လွှဲလို့ရပေမယ့် ငွေကြေးချို့တဲ့သူတွေ အခြေခံလူတန်းစားတွေကတော့ နစ်နာနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြေုာပါတယ်။
“ပိုက်ဆံရှိတဲ့သူကျတော့ မဲပေါက်လည်း နိုင်ငံခြားပို့လိုက်တာတို့၊ တစ်နေရာကို ရှောင်ခိုင်းတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံနဲ့ လိုက်ညှိလို့လည်း ရတယ်လေ။ ရပ်ကွက်ထဲက ပိုက်ဆံမတတ်နိုင်သူတွေပေါ့ တစ်နေ့လုပ်မှ တစ်နေ့စားရမယ့်လူငယ်တွေဆို ကျွန်တော်ရပ်ကွက်ထဲမှာ မဲပေါက်တာနဲ့တန်းခေါ်သွားတာပဲ” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်အားကောင်းလာတဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ယခင် နအဖစစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မနှစ်က ဖေဖော်ဝါရီလမှာ စတင်အသက်သွင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ရှမ်းမြောက်အပါအဝင် ဒေသအသီးသီးမှာ တော်လှန်ရေးတပ်တွေရဲ့လက်ထဲကို နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်အင်အားကို ပြန်ဖြည့်တင်းဖို့ စစ်မှုထမ်းသင်တန်းတွေ လစဉ်ခေါ်ယူနေပြီး လူငယ်အများအပြားဟာ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းဖို့ဝင်ရောက်နေကြရပါတယ်။
စစ်မှုထမ်းအပတ်စဉ် (၁) စတင်ဖွင့်လှစ်ခဲ့စဉ်ကတော့ သင်တန်းသား ၅,၀၀၀ နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအပတ်စဉ် (၈) အထိလူဦးရေ လေးသောင်းနီးပါးထိ ခေါ်ယူခံထားရတာပါ။


