စလင်းမြို့မြောက်ဘက်မှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေကို ကြိုတင်တိမ်းရှောင်ခိုင်းထား
ရန်ကုန် - ၂၀၂၅ မတ် ၇ (မော်ကွန်း)
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ သံချပ်ကာကားတွေအပါအဝင် အင်အားရာနဲ့ချီ စစ်ကြောင်းထိုးလာပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း စလင်းမြို့ရဲ့ မြောက်ဘက် စလင်း-ဆင်ဖြူကျွန်း-ဆိပ်ဖြူကားလမ်းပေါ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာလို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ စလင်းနဲ့ ဆင်ဖြူကျွန်းကြားက ကျေးရွာတွေက ဒေသခံတွေ ကြိုတင်တိမ်းရှောင်ကြဖို့ ဒေသကာကွယ်ရေးတပ်တွေက အသိပေးထားတယ်လို့ ဆင်ဖြူကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီဒေသတွင်းမှာလှုပ်ရှားနေတဲ့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကလည်း ဆင်ဖြူကျွန်းကနေ တညောင်တိုက်နယ်ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို ဒီရက်ပိုင်းမှာ မဖြတ်သန်းဖို့ ထုတ်ပြန်ထားပါတယ်။
“လက်ရှိတော့ ဆင်ဖြူကျွန်းနဲ့ တညောင်ကြားကရွာတွေကို အမြန်ရှောင်ဖို့ ပြောနေတယ်။ ဒီရက်ပိုင်းစစ်ကြောင်းထိုးမယ့်သတင်းရတယ်။ ကျေးရွာတွေ တစ်ရွာနဲ့တစ်ရွာ ချိတ်ဆက်ပြီး ကူညီရှောင်ရှားကြဖို့ဆိုပြီး PDF တွေက သတိပေးထားတယ်” လို့ ဆင်ဖြူကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးရက်ကပဲ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရဲ့ နယ်မြေရဲစခန်းမှူးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က မြို့ပေါ်က လက်ဖက်ရည်ဆိုင်မှာ လာရောက်ပစ်သတ်သွားခဲ့ပါသေးတယ်။
ဒါ့အပြင် စလင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ခြောက်ဖွဲ့ကလည်း ပြီးခဲ့တဲ့လကုန်ပိုင်းမှာ မဟာမိတ်အဖြစ်ပူးပေါင်းလိုက်တယ်လို့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီကြေညာချက်ကို စလင်းအခြေစိုက် PDF တပ်ရင်း (၁)၊ တပ်ရင်း (၅) နဲ့ LPDF အဖွဲ့တွေဖြစ်တဲ့ ဗမာ့တပ်တော်၊ ဒေါင်းစစ်အောင်၊ ဒေါင်းညီနောင်မြို့ပြပြောက်ကျား နဲ့ SALIN LOCAL PDF တို့က ပြီးခဲ့တဲ့လ ၂၈ ရက်မှာ လက်မှတ်ရေးထိုးပြီး စစ်ကောင်စီကို စုပေါင်းထိုးစစ်ဆင်မယ်လို့ ကြေညာခဲ့ကြတာပါ။
ပြီးခဲ့တဲ့လဆန်းပိုင်းကလည်း စလင်းမြို့နယ်က လင်ဇင်းတိုက်နယ်ကျေးရွာရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကိုပါ မီးရှို့ခဲ့ပါသေးတယ်။