စစ်မှုထမ်းရန် ညောင်တုန်းမြို့မှာ အုပ်ချုပ်ရေးမှူးနဲ့သူနောက်လိုက်တွေ အိမ်ပေါ်ထိအတင်းတက်ခေါ်နေ
ညောင်တုန်း - ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း)
စစ်မှုထမ်းဖို့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ နေအိမ်တွေပေါ်ထိ အတင်းလိုက်ဆွဲ ခေါ်နေတယ်လို့ မြို့ခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။
စစ်မှုထမ်းဖို့ မဲမပေါက်ပေမယ့်လည်း အခုလို အိမ်တွေထိလိုက်လံခေါ်ယူနေတာဖြစ်ပြီး မနေ့ညကဆို အမှတ် (၆) ရပ်ကွက်မှာနေထိုင်တဲ့ လူငယ်ခြောက်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နဲ့ နောက်လိုက်တွေက ခေါ်သွားတာလို့ မြို့ခံကပြောပါတယ်။
“ခုက လူကြီးတွေပါခေါ်တာ၊ တွေ့တဲ့လူဆွဲဘဲ။ ယောက်ျား မိန်းမအကုန်။ အသိအိမ်မှာလုပ်တဲ့ အဖေရယ် သားနှစ်ယောက်ရယ်ကို သုံးယောက်စစ်မှုထမ်းရမယ်လာပြောလို့ မိသားစုလိုက်ပြေးရပြီ”လို့ နောက်ထပ်မြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိညောင်တုန်းမြို့ ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့မဲပေါက်သူတွေ မလိုက်လိုပါက လူစားထိုးကြေး ကျပ်သိန်း ၇၀ ပေးဖို့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက တောင်းတယ်လို့ မြို့ခံကပြောပြတယ်။
လူစားထိုးဖို့ ရတဲ့ သိန်း ၇၀ ထဲက သိန်း ၃၀ ကို အစားဝင်တဲ့လူကိုပေးရပြီး ကျန်တဲ့ သိန်း ၄၀ ကိုတော့ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စစ်ကောင်စီအဖွဲ့တွေက ခွဲယူကြတယ်လို့ မြို့ခံကပြောပါတယ်။
ဒီလိုကောက်ခံတာတွေတင်မကဘဲ လစဉ်ကြေးအဖြစ် ရပ်ကွက်ထဲက အိမ်တိုင်းဟာ ၁၀,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်ထိ ထည့်ဝင်ရတာလည်းရှိတယ်လို့ မြို့ခံကပြောပါတယ်။
ယခုလိုပိုက်ဆံတောင်းတာကြောင့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွအခက်အခဲ အရမ်းတွေ့နေရတယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀) ကို အာဏာသိမ်းစစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီလမှာ ပြန်လည်အသက်သွင်းခဲ့ပါတယ်။
ပထမအသုတ်သင်တန်းဆင်း ဦးရေ ၅,၀၀၀ ကိုတော့ စစ်မြေပြင်တွေကိုစစ်လွှတ်ခဲ့ကာ ဒုတိယအသုတ်ကတော့ အခုလဆန်းက သင်တန်းဆင်းခဲ့ပါတယ်။
တတိယအသုတ်ကိုတော့ မေလကုန်မှာ စတင်စုစည်းပြီး အခုတော့ စတုတ္ထအသုတ်ကို စာရင်းကောက်နေတာဖြစ်ပါတယ်။
Burma Affairs & Conflict Study အဖွဲ့ကတော့ စစ်ကောင်စီဟာ မြို့နယ်ပေါင်း ၂၂၄ မြို့နယ်မှာ စစ်မှုထမ်းကိစ္စ အကောင်အထည်ဖော်ဖို့ စတင်ဆောင်ရွက်ခဲ့ပြီး အဲဒီအချိန်မှာပဲ မြို့နယ်ပေါင်း ၄၀ မှာ အရပ်သား ၂,၁၀၀ လောက် ဥပဒေမဲ့ ဖမ်းဆီးခံရကာ ပြည်သူ့စစ်အဖြစ်စုဆောင်းခံထားရတယ်လို့ အခုနှစ် ဧပြီလပိုင်းက ထုတ်ပြန်ထားပါတယ်။
ပုံစာ - ပဲခူးတိုင်းရေတာရှည်တပ်နယ် စစ်မှုထမ်းအမှတ်စဉ် ၁ သင်တန်းတွင် စစ်ကောင်စီ ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနှင့်စစ်တိုင်းမှူးတို့အားတွေ့ရစဉ်။
🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews