ငသိုင်းချောင်း-ဂွ လမ်းပိုင်းကို AA ကဖြတ်တောက်ပိတ်ဆို့ကာ ဂွမြို့ကိုနှစ်ဖက်ညှပ်တိုက်နေဟုဆို
ရန်ကုန် - ၂၀၂၄ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
ဂွမြို့ကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် (AA) က မနေ့ကစပြီး ဂွမြို့နဲ့ ငသိုင်းချောင်းလမ်းကို ဆက်သွယ်ထားတဲ့ ရခိုင်ရိုးမကျော်လမ်းပိုင်းကို ဖြတ်တောက်ပိတ်ဆို့ကာ ဂွမြို့ကို နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သံတွဲ-ဂွကားလမ်းပေါ်မှာရှိတဲ့ ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ခမရ ၅၆၃ ကို AA တပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
မနေ့ကစပြီးဖြစ်ပွားတဲ့တိုက်ပွဲတွေမှာတော့ ဂွမြို့ရဲ့ အရှေ့ဘက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းကိုသွားတဲ့ ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ကူ၊ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ထားတယ်လို့ အခြေအနေကိုသိတဲ့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်ကို ဟန့်တားဖို့ ဂွ-ငသိုင်းချောင်းကားလမ်းရဲ့ ရိုးမပေါ် ဖြတ်တဲ့ လမ်းတစ်လျှောက်မှာ လက်နက်ကြီးစခန်းတွေ၊ ခံစစ်စခန်းတွေ ပြင်ဆင်ထားပြီး မနေ့ကတော့ ဒီစခန်းတွေကိုပါ AA တပ်တွေက ဝင်ရောက်တိုက်ခိုက်ကာ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ အခြေအနေဖြစ်တယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စခန်းဝင်သိမ်းနေပြီပေါ့။ ဒီဘက်မြောက်ဘက်က ဆင်းလာပြီးတိုက်တဲ့သူကတိုက်တယ်။ ရိုးပေါ်တက်ပြီးတိုက်တဲ့သူက တိုက်တယ်။ အင်အားလည်းတော်တော်များတယ်ပြောတယ်။ မြို့အထွက် ၁၀ မိုင်၊ ၁၁ မိုင်တွေအထိ ခံစစ်ပြင်ထားတဲ့နေရာတွေကို ဝင်တိုက်နေပြီ။ နှစ်ဖက်ညှပ်ပြီး ပိတ်ထားလိုက်ပြီဆိုတော့ စစ်ကူတွေဘာတွေ မပို့နိုင်ဘူးဆိုရင် ဂွလည်းကျဖို့နီးနေပြီပေါ့” လို့ ၎င်း ဒေသခံက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဂွမြို့ပေါ်က နေအိမ်တချို့ လက်နက်ကြီးထိမှန်ကာ မီးလောင်ခဲ့ပြီး NASA ရဲ့ ကမ္ဘာလုံးဆိုင်ရာ မီးလောင်ကျွမ်းမှုကို စောင့်ကြည့်အချက်ပေးစနစ်အရလည်း ဂွမြို့ပေါ်မှာ မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်အထိနာနေပြီး ဂွမြို့က ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ဂွတောင်ပိုင်း ကမ်းခြေပတ်လမ်းတစ်လျှောက်ကနေ သစ်သယ်တဲ့ ကားတွေအသုံးပြုကာ သယ်ဆောင်သွားတယ်လို့ ၎င်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ရိုးပေါ်လမ်းက ဖြတ်တောက်ခံလိုက်ရပြီတော့ ဒီဘက် ချမ်းသာကမ်းခြေပတ်လမ်း၊ အဲဒီကနေ သာပေါင်း၊ ပုသိမ်ဘက်ကိုဆင်းတဲ့ ကမ်းခြေပတ်လမ်းရှိတယ်။ အဲဒီကနေ ထွက်ပြေးကြတယ်။ စစ်ကားလည်းမဟုတ်ဘူး။ အရပ်သားကားလည်းမဟုတ်ဘူး။ သစ်လုံးတင်တဲ့ ကားကြီးနဲ့ မနေ့က ၂း၀၀ နာရီလောက်ထွက်သွားတယ်” လို့ ၎င်း သတင်းအရင်းမြစ်က ပြောပါတယ်။
ဂွမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်ရင်းနှစ်ခု အခြေစိုက်ထားပြီး သံတွဲ-ဂွ ကားလမ်းပေါ် ဂွမြို့အဝင်အနီးမှာ ခမရ - ၅၆၃ နဲ့ ဂွမြို့ရဲ့ အရှေ့ဘက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းဘက်ကိုသွားတဲ့ ကားလမ်းပေါ်မှာ ခမရ - ၅၆၂ တို့ တည်ရှိတာပါ။
သတွင်းသတင်းတချို့မှာတော့ မနေ့ကစပြီး AA တပ်တွေဟာ ဂွမြို့စောင့် တပ်ရင်းနှစ်ခုလုံးကို မနေ့ကမနက်ပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ဂွမြို့ဟာ ဧရာဝတီတိုင်းရဲ့ ဝင်ပေါက် ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာရှိတာကြောင့် ရခိုင်ပြည်နယ်နဲ့ ပြည်မကိုဆက်သွယ်ထားတဲ့ ဒေသတွင်း ဗျူဟာကျတဲ့ မြို့တစ်မြို့ပါ။
စစ်ကောင်စီကလည်း မြို့မကျရေးအတွက် ကြည်း၊ ရေ၊ လေ အင်အားသုံးကာ ခုခံနေပြီး ဧရာဝတီတိုင်း ငသိုင်းချောင်း-ဂွ လမ်းပိုင်းတစ်လျှောက် စစ်ကူတွေနဲ့ လက်နက်ခဲယမ်းတွေ အဆက်မပြတ်ပို့လွှတ်ကာ အင်အားဖြည့်တင်းနေပေမယ့် လက်ရှိမှာ ဒီစစ်ကူလမ်းကြောင်းတွေကို AA က ပိတ်ဆို့တိုက်ခိုက်လာတာပါ။
ဂွမြို့ပေါ်မှာ စစ်တပ်ကလွဲပြီး ဌာနဆိုင်ရာရုံးအားလုံး ဧရာဝတီတိုင်းထဲကို ပြောင်းရွှေ့ဖွင့်လှစ်ထားကာ မြို့ရဲ့ အုပ်ချုပ်ရေးစနစ်လည်း ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံတွေကလည်း မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရတာပါ။