ဂျက်ဖိုက်တာပစ်ချခံခဲ့ရတဲ့ပုလဲကို စစ်ကောင်စီစစ်ကြောင်းပြန်ထိုးလာ
ရန်ကုန် - ၂၀၂၅ ဇွန် ၂၆ (မော်ကွန်း)
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စခန်းသိမ်းနိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။

ပုလဲနယ်နဲ့ ယောနယ်ကို ဆက်သွယ်ထားတဲ့ ပုလဲ-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိပြီး ဒေသတွင်းမှာ အရေးပါတဲ့ ကန့်ဒေါင့်ကျေးရွာရဲစခန်းကို PLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီလ ၁၉ ရက်မှာ စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းယူခဲ့တာပါ။
ဒီရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပြီးနောက် ဆက်တိုက်ဆိုသလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာနေပြီး တိုက်ပွဲတွေလည်း နေ့စဉ်နီးပါးဖြစ်နေတယ်လို့ ပုလဲဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ ၎င်းတိုက်ပွဲတွေကြောင့် ပုလဲမြို့နယ်အတွင်းမှာ ကန်ဒေါင့်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူ ဒေသခံတစ်ဦးက ပြောပါတယ်။
တချို့စစ်ဘေးရှောင်တွေက တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရပြီး မိုးတွင်းကာလဖြစ်တာကြောင့် အမိုးအကာ၊ ရိက္ခာနဲ့ ဆေးဝါး အခက်အခဲတွေရှိနေတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“အခုကတော့ စစ်ဘေးရှောင်တွေကို ဒေသခံတွေကပဲ ပြန်ပြီး ကူညီနေတာပေါ့။ ပုလဲမြို့ခံတွေရှိတယ်။ တချို့လည်း ဆွေမျိုးနီးစပ်တွေက အကူအညီပေးထားတာတွေရှိတယ်။ ဒါပေမယ့် ခဏပဲ ကူညီလို့ရမှာပေါ့။ ရေရှည်တိုက်ပွဲတွေဆက်ဖြစ်နေအုံးမယ် ဆိုရင်တော့ အကူအညီတွေထပ်လိုပါတယ်” လို့ ၎င်းက ပြောပါတယ်။
PLA နဲ့ တော်လှန်တပ်တွေ သိမ်းယူခဲ့တဲ့ ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့နယ်ရဲစခန်းပြီးရင် ဒေသတွင်းမှာ ဒုတိယအကြီးဆုံး စခန်းတစ်ခုဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်အခိုင်အမာပြင်ထားတဲ့ စခန်းဖြစ်တယ်လို့ PLA က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီစခန်းအနီးမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) တည်ရှိနေတာကြောင့် အချက်အခြာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ၎င်းစခန်းမကျရေးအတွက် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အမြောက်အများသုံးခဲ့ပေမယ့် ဒီစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတစ်စင်းကိုပါ ပစ်ချနိုင်ခဲ့တာပါ။
လက်ရှိမှာတော့ ကန့်ဒေါင့်ရွာနဲ့ သုံးမိုင်ခန့်အကွာမှာရှိတဲ့ အင်မထီး ပျူစောထီးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေ ပို့ဆောင်ကာ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေကလည်း ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာပါ။