ကျောက်လှေကားရွာကို ထပ်မံဗုံးကြဲခံရမှုမှာ အိမ် ၂၀ ခန့်နဲ့ နွားခုနှစ်ကောင်သေဆုံးခဲ့
ယင်းမာပင်- ၂၀၂၄ ဒီဇင်ဘာ ၁၉ (မော်ကွန်း)
မနေ့တုန်းက စစ်ကောင်စီလေတပ်ရဲ့ ဒုတိယအကြိမ်ဗုံးကြဲခံရတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျောက်လှေကားကျေးရွာမှာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ပြီး နွားခုနစ်ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

z
အဲဒီရွာကို ဒီလ ၁၆ ရက်မှာ ပထမအကြိမ်ဗုံးကြဲတုန်းက ရွာသားငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ပါသေးတယ်။ ည ၁၀ နာရီ ဝန်းကျင်မှာတော့ ဒုတိယအကြိမ်ဗုံးကြဲခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ သုံးရက်အတွင်း နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
" လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ ခုနစ်ကြိမ်။ အပြစ်မဲ့ လာတိုက်ခိုက်နေတာ။ လူတွေတော့မထိခိုက်ဘူး။ ဒီဇင်ဘာ ၁၆ ရက်ကလည်း ပစ်တယ်။ တစ်ရက်ခြားပြီးဆက်ပစ်တယ်" လို့ ကျောက်လှေကားရွာအနီး ဒေသခံတစ်ဦးက ဒီနေ့ပြောပါတယ်။
ဒီလ ၁၆ ရက်မှာ ဗုံးကြဲခံရကတည်းက တစ်ရွာလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီမို့ ဒီတစ်ကြိမ်ထပ်မံကြဲချမှုမှာ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
ကျောက်လှေကားရွာဟာ ကနီမြို့ရဲ့ မြောက်ဘက်မှာရှိကာ မင်းကင်းမြို့နဲ့ပိုနီးကာ ချင်းတွင်းမြစ်ဘေးကရွာပဲ ဖြစ်ပါတယ်။
ကနီဒေသတွင်းက ကျေးလက်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပြီး မြို့ပေါ်ကိုတော့ စစ်ကောင်စီက စိုးမိုးထားပါတယ်။