မတ္တရာမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေပြင်းထန်
ရန်ကုန် - ၂၀၂၄ ဒီဇင်ဘာ ၄ (မော်ကွန်း)
မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) တပ်တွေ စိုးမိုးထားတဲ့ မတ္တရာမြို့က ကျေးရွာတွေကို စစ်ကောင်စီက ဒီရက်ပိုင်းမှာစစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေတယ်လို့ ဒေသခံတချို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မန္တလေးမြို့နဲ့ မိုင် ၂၀ ကျော်ပဲကွာဝေးတဲ့ မတ္တရာမြို့နယ်ရဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို တော်လှန်ရေးတပ်တွေ စိုးမိုးထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ဒီကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။
အခုလ ၂ ရက်ကစပြီးနှစ်ရက်ဆက်တိုက် မတ္တရာအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နေ့စဉ်တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDU-PDF) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက်ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ထပ်မံစစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေလည်း အများအပြားရှိတယ်လို့ မတ္တရာ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးတွေ ပစ်တယ်ပေါ့နော်။ အဲဒါတွေ နေ့တိုင်းလိုလိုဖြစ်နေတယ်။ အဲဒီဘက်တွေကတော့ ဒေသခံတွေ အကုန်သွားလို့လာလို့တော့ အဆင်မပြေတော့ဘူး။ အဲဒီလိုပဲပေါ့ စစ်ဘေးရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေရှိတယ်။ နည်းနည်းငြိမ်တဲ့နေရာတွေမှာ ဝင်ခိုကြတာပေါ့” ၎င်း မတ္တရာ ဒေသခံက ပြောပါတယ်။
အခုလ ၂ ရက်နေ့ ညပိုင်းမှာ မန္တလေး PDF တပ်တွေ စိုးမိုးထားတဲ့ မတ္တရာ အရှေ့ဘက်ခြမ်းက မြို့ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကာ မနေ့ကထိ ၎င်းစစ်ကောင်စီစစ်ကြောင်းနဲ့ MDY-PDF တပ်တွေ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MDY-PDF ကလည်း ထုတ်ပြန်ထားတာပါ။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတစ်ဦးနဲ့ လက်နက်ခဲယမ်းတချို့ကို MDY-PDF က သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းခုနစ်လောင်းကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်တွေက ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် MDY-PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြားမှာ မတ္တရာ၊ သပိတ်ကျဉ်းနဲ့ နောင်ချိုမြို့နယ်တွေမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျဉ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက်မှာ မတ္တရာ-သပိတ်ကျဉ်း ကားလမ်းကိုလည်း ဒေသကာကွယ်ရေးတပ်တွေက အသွားအလာ ကန့်သတ်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မတ္တရာ-သပိတ်ကျဉ်း-စဉ့်ကူး လမ်းပိုင်းကို လက်တလော စစ်ရေးအခြေအနေတွေကြောင့် သွားလာမှုတွေကို ယာယီကန့်သတ်သွားမယ်လို့ MDY-PDF တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကာလအတွင်း TNLA နဲ့ MDY-PDF ပူးပေါင်းတပ်တွေဟာ မတ္တရာ၊ စဉ့်ကူးနဲံ သပိတ်ကျဉ်း မြို့နယ်တွေက စစ်ကောင်စီစခန်းအများအပြားကို သိမ်းယူထားနိုင်ခဲ့ပြီး မတ္တရာ-သပိတ်ကျဉ်း ကားလမ်းတစ်လျှောက်ကိုလည်း တော်လှန်ရေးတပ်တွေက နယ်မြေစိုးမိုးထားတာပါ။


