မြင်းခြံမြို့မြောက်ဘက်ကရွာတွေမှာ တိုက်ပွဲတွေပြင်းထန်၊ ကျေးရွာတွေမီးရှို့ခံရ
ရန်ကုန် - ၂၀၂၅ မတ် ၄ (မော်ကွန်း)
မန္တလေးတိုင်း မြင်းခြံမြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်က ကျေးရွာတချို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားမှာ ဒီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အခုလ ၁ ရက်နေ့ကစပြီး မြင်းခြံမြို့နဲ့ နဘူးအိုင်ရွာကို ဆက်သွယ်ထားတဲ့ကားလမ်းပေါ်က ဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့ကပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့အတူ ဒေသတွင်းပျူစောထီးတပ်တွေပါဝင်ပြီး အခုလ ၁ ရက်ကနေ မနေ့ကထိ တိုက်ပွဲသုံးရက်ကြာဖြစ်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“၁ ရက်နေ့တိုက်ပွဲမှာ ဂျက်ဖိုက်တာတွေနဲ့ ဗုံးဆက်တိုက်ကြဲသွားတယ်။ အဲဒီရွာစဉ်တစ်လျှောက် စကစက စစ်ကြောင်းထိုးလာတယ်။ တင့်ကားတွေပါပါတယ်။ ရွာတွေလည်းမီးရှို့ခံရတယ်” လို့ ဒီဒေသခံတစ်ဦးကပြောပါတယ်။
မြင်းခြံ-နဘူးအိုင် လမ်းပေါ်မှာရှိတဲ့ ကုက္ကဲ၊ တူရွင်းဘို့နဲ့ ကျောက်ပြုတ်ကျေးရွာတွေမှာ သုံးရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ တူရွင်းဘို့ရွာနဲ့ ကျောက်ပြုတ်ရွာကနေအိမ်တွေ ရာနဲ့ချီပြီး မီးရှို့သွားတယ်လို့ မြင်းခြံခရိုင် လူထုလှုပ်ရှားမှု ကော်မတီကလည်း အသိပေးထားပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဒီအနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံသုံးထောင်နီးပါးဟာလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒါ့အပြင် မန္တလေး-မြင်းခြံ ကားလမ်းပေါ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို မြင်းခြံနယ်မှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ် (ပျူစောထီး) တွေက လွန်ခဲ့တဲ့နှစ်ရက်က နယ်မြေရှင်းလင်းခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတချို့ကလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းထဲက ဒေသကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြီးခဲ့တဲ့လပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးဖို့ လုပ်ဆောင်လာတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ နွားထိုးကြီး၊ မြင်းခြံနဲ့တောင်သာမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။


