စလင်းမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ
ရန်ကုန် - ၂၀၂၅ ဧပြီ ၂၃ (မော်ကွန်း)
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စလင်းမြို့နယ်အနောက်ဘက်က ဝက်သည်းကန်ဘေးမဲ့တောအနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်ဟာ ဒီလ ၁၉ ရက်ကစပြီး စစ်ကြောင်းထိုးလာတာပါ။
၎င်းစစ်ကောင်စီစစ်ကြောင်းကို ဒီလ ၁၉ ရက် မနက်ပိုင်းကနေ ၂၀ ရက်ထိ တော်လှန်ရေးအင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော် (Bamar Army) အမှတ်(၃) စစ်ဦးစီးကွပ်ကဲရေးက ထုတ်ပြန်ထားပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် စစ်ကောင်စီစစ်ကြောင်း အထိခိုက်အကျအဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ကလည်း စလင်းမြို့နယ်ထဲကို အင်အားအများအပြားသုံးကာ ဆက်လက်ထိုးစစ်ဆင်လာတယ်လို့ ဗမာ့တပ်တော် (Bamar Army) က ထုတ်ပြန်ထားတာပါ။
မနေ့ကလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဝက်သည်းကန်ဘေးမဲ့ဧရိယာအနီးက ဝမ်းပြည့်ကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဂျက်ဖိုက်တာ သုံးစီးထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စလင်းဒေသခံတချို့က ပြောပါတယ်။
“မနေ့ကတော့ ဂျက်ဖိုက်တာ သုံးလေးစီးဝဲပြီး ဗုံးကြဲသွားတယ်။ ဝက်သည်းကန်နားက ရွာတွေကို ပတ်ကြဲသွားတာ။ စလင်းမြို့ပေါ်နဲ့ သိပ်မဝေးဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။
တင့်ကားနှစ်စီးပါဝင်တဲ့ ၎င်းစစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ ဝက်သည်းကန်မြောက်ဘက်က ဝမ်းပြည့်ကျေးရွာမှာအထိုင်ချနေပြီး စစ်ရေးတင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့လည်း တော်လှန်ရေးတပ်တွေက အသိပေးထားတာပါ။
သံချပ်ကာကားတွေပါဝင်တဲ့ ၎င်းစစ်ကြောင်းဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း စလင်းမြို့ရဲ့ မြောက်ဘက် စလင်း-ဆင်ဖြူကျွန်း-ဆိပ်ဖြူ ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးလာမှာဖြစ်တဲ့အတွက် ဒီဒေသအနီး ကျေးရွာတွေကဒေသခံတွေ ကြိုတင်တိမ်းရှောင်ဖို့လည်း တော်လှန်ရေးတပ်တွေက အသိပေးထားပါသေးတယ်။
စလင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ခြောက်ဖွဲ့ဟာ ဒီနှစ်ဖေဖော်ဝါရီလကုန်ပိုင်းမှာ မဟာမိတ်အဖြစ်ပူးပေါင်းကာ စစ်ကောင်စီကို စုပေါင်းထိုးစစ်ဆင်မယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီအနေနဲ့ အခုလို စစ်ကြောင်းထိုးလာတာပါ။
မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီဟာ ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမယ့် လေကြောင်းပစ်ခတ်မှုတွေ၊ မြေပြင်တိုက်ပွဲတွေ နိုင်ငံတစ်ဝန်း ဆက်လက်ဖြစ်ပွားနေတာပါ။