ဆေးကုသခွင့်မပေးတာကြောင့် အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား မဝတ်ရည်အောင်ကျဆုံး
ရန်ကုန်-၂၀၂၅ ဇူလိုင် ၂၂ (မော်ကွန်း)
စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်မှုခံရပြီး ဆေးဝါးကုသမှုလုံအောက်စွာမရခဲ့လို့ ထောင်တွင်းမှာ ကျဆုံးခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် ဒဂုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂဗဟိုအလုပ်အမှုဆောင်ဖြစ်သူ၊ နိုင်ငံရေးအကျဉ်းသား မဝတ်ရည်အောင် (ခ)မီးမီး (ခ)အပြုံးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။







မဝတ်ရည်အောင်ဟာ စစ်ကောင်စီ စစ်ကြောရေးရဲ့ ရိုက်နှက်ညှင်းပန်းမှုဒဏ်ကြောင့် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ထိုဒဏ်ရာကို လုံလောက်တဲ့ဆေးဝါးကုသခံယူမှုမရအောင် စစ်ကောင်စီအကျဉ်းထောင်အာဏာပိုင်တွေက ပြုလုပ်ခဲ့တဲ့အတွက် ဒီလ ၂၀ ရက် နံနက်ပိုင်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ၂၀၂၁ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ-၅၀၅(က)၊ ပုဒ်မ-၅၂(က) တွေနဲ့ မတရား ဖမ်းဆီးထောင်ချထားတာဖြစ်ပြီး ကွယ်လွန်သွားချိန်မှ အကျဉ်းထောင်အာဏာပိုင်တွေက လွတ်မိန့်ပေးကာ မိသားစုထံအလောင်းအပ်နှံခဲ့တာ ဖြစ်ပါတယ်။
ဒီလ ၁၉ ရက်တုန်းကလည်း မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၄၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ ဆေးဝါးကုသခွင့်မပေးတာကြောင့် အကျဉ်းထောင်အတွင်း ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ယက်(PPNM) က ထုတ်ပြန်အသိပေးပါတယ်။
သွေးတိုး၊ ဆီချိုနဲ့ နှလုံးသွေးကြောကျဉ်းရောဂါခံစားနေရတဲ့သူဟာ အာဇာနည်နေ့မှာ ကျဆုံးအာဇာနည်တွေကို အလေးပြုအောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ပြီးနောက် မေ့မြောသွားရာကတစ်ဆင့် ဆုံးပါးခဲ့ရတာလို့ PPNM က ထုတ်ပြန်ပါတယ်။
ဒီနှစ်အစပိုင်းကတည်းကဆိုရင် အကျဉ်းထောင်တွေအတွင်းမှာ ဆေးဝါးကုသမှု မပေးတဲ့အတွက် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၄ ဦးအထိ ရှိနေပြီလို့ PPNM စာရင်းမှာ ဖော်ပြပါတယ်။
နိုင်ငံထဲက အကျဉ်းထောင်အသီးသီးမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးဝါးကုသခွင့်အပါအဝင် လူ့အခွင့်အရေးတွေပေးဖို့ ‘အသက်တွေကိုပိတ်မထားနဲ့ဖွင့်ထား’ ခေါင်းစဉ်နဲ့ PPNM က ကမ်ပိန်း ပြုလုပ် နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ လူ ၂၉,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၂,၀၀၀ ကျော်ဟာ လက်ရှိမှာ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးချုပ်နှောင်ခံနေရဆဲ ဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၇,၀၀၀ ခန့်ကို စစ်ကောင်စီက သတ်ဖြတ်ထားပြီး အဲဒီအထဲမှာ အမျိုးသမီးနဲ့ကလေး ၂,၆၀၀ ခန့် ပါဝင်တယ်လို့ AAPP က ဖော်ပြပါတယ်။


