ရေး၊ အောင်သပြေရွာတိုက်ပွဲနှစ်ဘက်ထိခိုက်ကျဆုံး
ရန်ကုန်- ၂၀၂၅ ဩဂုတ် ၂၁ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ဘက်ခြမ်းက အောင်သပြေကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မနေ့က တိုက်ခိုက်ခဲ့မှုအတွင်း နှစ်ဘက်အကျအဆုံးရှိခဲ့တယ်လို့ မွန်တော်လှန်ရေးတပ်(MSRF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။


မနေ့ကမနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ အောင်သပြေရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ဦးသေသလို တော်လှန်ရေးတပ်တွေဘက်က တစ်ဦးကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ရဲဘော်ဟာ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ တပ်ရင်း ၂၇၊ တပ်ခွဲ ၁ ရဲ့ တပ်ဖွဲ့ဝင်လို့ MSRF က ထုတ်ပြန်တယ်။
အောင်သပြေရွာ အနီးကို စစ်ကောင်စီရဲ့ ခမရ(၅၈၈)၊ ခလရ (၁၀၆)၊ အမတ (၃၁၇) က တပ်ဖွဲ့ဝင်တွေပေါင်းပြီး စစ်ကြောင်း ထိုးလာတာကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကာကွယ်ရေးဌာန၊ လက်အောက်ခံတပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန် ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)နဲ့ မဟာမိတ်တွေဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA)၊ KNLA တပ်ရင်း(၂၇၊ တပ်ခွဲ (၁)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
ဒီလ ဒုတိယပတ်အတွင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို MSRF နဲ့ မဟာမိတ် တပ်တွေ ပူးပေါင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ၁၇ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။


