ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ထဲက ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံရာနဲ့ချီစစ်ရှောင်နေရ
ရန်ကုန် - မတ် ၁၉ (မော်ကွန်း)
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းက ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံရာနဲ့ချီ စစ်ဘေးရှောင်ကြရတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
လေးမျက်နှာမြို့နယ်ရဲ့ အနောက်ဘက် ပုသိမ်-မုံရွာ ကားလမ်းအနီးမှာရှိတဲ့ ရှားတော၊ လဲခုံကြီး၊ လဲခုံလေးနဲ့ ဝက်ကုန်းကျေးရွာတွေမှာ မနေ့ကစပြီး တိုက်ပွဲတွေဖြစ်လာတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
မနေ့ကညပိုင်းမှာ ပုသိမ်-မုံရွာ ကားလမ်းတစ်ဖက်ခြမ်းက ၎င်းကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေအပြင် စက်တပ်လေထီးတွေပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒီမနက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ လေးမျက်နှာမြို့မှာရောက်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“မနေ့ကညပိုင်းလောက်တော့ စက်တပ်လေထီးတွေနဲ့ ဗုံးတွေကြဲသွားတယ်။ ဒီမနက်လည်း ပစ်သံဆက်တိုက်ကြားနေရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဒီဒေသကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိမ့်ဝင်လာတဲ့သတင်းတွေကြောင့် လေးမျက်နှာ-ငသိုင်းချောင်းကားလမ်းတစ်လျှောက်မှာလည်း စစ်ဆေးရေးတွေ တင်းကြပ်ထားတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
လေးမျက်နှာမြို့ပေါ်ကဒေသခံတွေကလည်း မြို့ပေါ်ထိစစ်ပွဲရောက်လာနိုင်တဲ့ သတင်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုတင်ပြင်ဆင်တာတွေရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“ညဘက်တွေတောင် မီးပိတ်ပြီးအိပ်နေရတယ်။ ဒရုန်းတွေဘာတွေ ပျံလာလို့ မီးမြင်ရင် ပစ်ချရင်ပစ်ချနိုင်တယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ အထုတ်တွေ ကြိုထုပ်ထားတယ်။ အဓိက ဓါတ်ဆီတို့ဘာတို့လည်း ကြိုဝယ်ထားတယ်။ အချိန်မရွေး ပြေးသင့်ရင်ပြေးရအောင်ပေါ့” လို့ ၎င်းဒေသခံတစ်ဦးက ပြောပါတယ်။
ပုသိမ်-မုံရွာ ကားလမ်းဘေးက ကျေးရွာတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေ ဝင်ရောက်လာတဲ့သတင်းကြောင့် ဒီဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတချို့က ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းအတွင်းပိုင်းကို ဝင်တဲ့လမ်းတွေမှာရှိတဲ့ ရေနံသာလမ်းဆုံ၊ စက်စက်ယိုလမ်းဆုံတို့ကို ဒီရက်ပိုင်းမှာ စစ်ကောင်စီက ယာဉ်အသွားအလာတွေ ခွင့်မပြုတော့ဘဲ ပိတ်ထားတယ်လို့ ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြီးခဲ့တဲ့နှစ်ရက်က ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် AA လက်ထဲကို ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲနဲ့ ဂွမြို့နယ်တွေကို လက်လွှတ်လိုက်ရပြီးနောက်ပိုင်း AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ထိစပ်နေတဲ့ နေရာတွေကို ဒီနှစ်ဆန်းပိုင်းကစပြီး စတင်ထိုးစစ်ဆင်ပါတယ်။
ဇန်နဝါရီလပိုင်းကစပြီး ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ ရေကြည်နဲ့ သာပေါင်း မြို့နယ်တွေက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာပါ။
🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews