တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ပင်လောင်းမှာ တောင်ယာလုပ်ငန်းတွေမစတင်နိုင်သေး
ရန်ကုန် - ၂၀၂၅ မေ ၂၆ (မော်ကွန်း)
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ပင်လောင်းမြို့နယ်မှာ ဒေသခံထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရတာကြောင့် စိုက်ပျိုးရာသီဖြစ်ပေမယ့် တောင်ယာလုပ်ငန်းတွေ မစတင်နိုင်သေးဘူးလို့ ၎င်းဒေသခံတချို့ကပြောပါတယ်။
ပုံစာ - စစ်ဘေးရှောင်လာတဲ့ ပင်လောင်းဒေသခံများ
ရုပ်သံ -ကယန်းမယ်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းမှာရှိပြီး ကရင်နီဒေသနဲ့လည်းဆက်စပ်နေတဲ့ ပင်လောင်းမြို့နဲ့ ခုနစ်မိုင်ခန့်ကွာဝေးတဲ့ ဆောင်းပြောင်းကျေးရွာမှာ ဒီလ ၁၇ ရက်ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေဖြစ်နေတာ သီတင်းပတ်တစ်ကျော်လာပြီဖြစ်ပြီး ဆောင်းပြောင်းရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာလေးရွာခန့်က ဒေသခံသုံးထောင်ကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတာပါ။
လက်ရှိကာလဟာ မိုးဦးကျ တောင်ယာစိုက်ပျိုးဖြစ်ပြီး ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် တောင်ယာလုပ်ငန်းခွင်ကို စွန့်ပြီးထွက်လာကြရတယ်လို့ ပြောပါတယ်။
“ဆောင်းပြောင်းရွာမှာ စပါးတွေ၊ ပဲတွေ စိုက်ကြတာရှိတယ်။ တိုက်ပွဲဖြစ်တော့ ဒီတိုင်းပဲ ဘာမှမပါကြဘူး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်လာကြတာပေါ့။ ဒီချိန်က ထွန်ယက်ရမယ့် တောင်ယာအချိန်ရောက်နေပြီ။ စိုက်ရမယ့်အချိန်မှာ မစိုက်ရတော့ ရေရှည်မှာတော့ ဆန်မရှိ၊ ဆီမရှိနဲ့ ပိုပြီးခက်ခဲမှာပေါ့” လို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ထိ ဆောင်းပြောင်းရွာအနီးတစ်ဝိုက်မှာ လက်နက်ကြီးပစ်ခတ်တာ လေကြောင်းကပစ်ခတ်တာတွေ ရှိနေသေးပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ၎င်းဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူ့စစ်ရော ဟိုဘက်ကရော လုံးဝထိန်းချုပ်နိုင်တာမရှိသေးဘူး။ တစ်ပတ်ကျော်လာတဲ့အတိုက် တိုက်နေတုန်းပဲ” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့အပြင် ၎င်းတိုက်ပွဲတွေကြောင့် ဆောင်းပြောင်းရွာရဲ့ နေအိမ်အများအပြား လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီးသွားတယ်လို့လည်း ဒေသခံတချို့ကပြောပါတယ်။
၎င်းတိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေပြီး စစ်ကောင်စီက ဆောင်းပြောင်းကျေးရွာကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းတချို့မှာလည်း ဖော်ပြထားပါတယ်။
လက်ရှိမှာ ၎င်းစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း ၎င်းစစ်ဘေးရှောင်တချို့က ပြောပါတယ်။
ပင်လောင်းနဲ့ ဖယ်ခုံလမ်းပိုင်းအနီးမှာရှိတဲ့ ဆောင်းပြောင်းရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တွေ တပ်စွဲထားပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။