ရန်ကုန်ဆင်ခြေဖုန်းမြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေ အမိုးဖြုတ်ရမည်
ရန်ကုန် - ၂၀၂၄ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
ရန်ကုန်မြို့က ဆင်ခြေဖုန်းမြို့နယ်တချို့မှာပြေးဆွဲနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကို အမိုးဖြုတ်ပြီး မောင်းနှင်ဖို့ စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ၎င်းဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူတချို့က ပြောပါတယ်။

ယာဉ်အန္တရာယ်ကြောင့်ဆိုကာ ဆိုင်ကယ်ဘေးတွဲတွေရဲ့ အမိုးတွေကိုဖြုတ်ပြီး မောင်းနှင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဒီရက်ပိုင်းမှာ လိုက်လံကြေညာနေတယ်လို့ တောင်ဒဂုံမြို့နယ်က ဆိုင်ကယ်ဘေးတွဲ မောင်းနှင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လှည့်ကင်းနဲ့ စစ်ဆေးမှုတွေလည်းမကြာခဏရှိနေပြီး လှည့်ကင်းနဲ့တွေ့ပြီးဖမ်းဆီးခံရပါက ဒဏ်ငွေကျပ်ငါးသောင်းထိ ဆောင်ရတယ်လို့လည်း ၎င်းဘေးတွဲယာဉ်မောင်းက ပြောပါတယ်။
“အရင်က နေပူမိုးရွာ စီးလို့ရအောင်ဆိုပြီး ဘေးတွဲတော်တော်များများ အမိုးတွေဆင်ထားတယ်။ သံဖရိန်တွေနဲ့ အခိုင်အမာတွေဆင်ထားတာတွေပါ အကုန်ဖြုတ်ရတယ်။ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းဘက်တွေအကုန်ပါတယ်” လို့ ၎င်းကပြောပါတယ်။
ရန်ကုန်တိုင်းမှာ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် သင်္ဃန်းကျွန်း၊ ကာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ စတဲ့မြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေ အများအပြားကို ဒေသလိုအပ်ချက်တွေအလိုက် ပြေးဆွဲနေကြတာပါ။
လက်ရှိဆိုင်ကယ်ဘေးတွဲ ပြေးဆွဲသူတွေအနေနဲ့လည်း သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာ မှတ်ပုံတင်ပြီးမှ ပြေးဆွဲခွင့်ပေးနေတာလို့ ဘေးတွဲပြေးဆွဲသူတချို့က ပြောပါတယ်။
ဘေးတွဲမောင်းနှင်သူ ဝတ်ဆင်ရမယ့် ရပ်ကွက်နံပါတ်နဲ့၊ ဘေးတွဲနံပါတ်အမှတ်အသား ရေးသားထားတဲ့ ရောင်ပြန်အင်္ကျီတစ်ထည်ကို နှစ်သောင်းကျပ်နဲ့ ဝယ်ယူရမှာဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ လက်မှတ်အတွက်လည်း အနည်းဆုံး ကျပ်နှစ်သောင်းခန့် ကုန်ကျမယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဘေးတွဲယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“အဲဒီ မှတ်ပုံတင်နဲ့ အင်္ကျီမဝတ်ထားရင်လည်း ဖမ်းတယ်။ တစ်ခါဖမ်းရင် အနည်းဆုံး လေးငါးသောင်းပေးရတယ်” ၎င်းက ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ ဒဂုံမြို့သစ်မြို့နယ်တွေအပါအဝင် ဆင်ခြေဖုန်းမြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းမှုကို တင်းကျပ်ထားပေမယ့် ဘေးတွဲဆိုင်ကယ်တွေကိုတော့ ခွင့်ပြုထားတာကြောင့် ဒေသခံတွေဟာ ဆိုင်ကယ်တွေကို ဘေးတွဲတွေတပ်ဆင်ကာ စီးနင်းလာကြပြီး တချို့ကလည်း ဘေးတွဲကို အမိုးအကာတွေတပ်ဆင်ကာ မောင်းနှင်လာကြတာပါ။
အာဏာသိမ်းကာအတွင်းမှာ မြို့ပြတော်လှန်ရေးအင်အားစုတွေက ရဲကင်းစခန်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဆိုင်ကယ်တွေအသုံးပြုပစ်ခတ်မှုတွေ ရှိလာပြီးနောက်မှာ စစ်ကောင်စီဟာ ဆိုင်ကယ်ပြေးဆွဲခွင့်တွေကို မြို့နယ်အများစုမှာ ကန့်သတ်ခဲ့တာပါ။