ရန်ကုန်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့နယ်ထဲမှာ လျှပ်စစ်သုံးဘီး၊ လျှပ်စစ်စက်ဘီး စီးနင်းခွင့်ပိတ်ပင်လိုက်ပြီး တွေ့ရှိပါက ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာတဲ့အတွက် အဲဒီက အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးနဲ့ သွားရေးလာရေး ခက်ခဲသွားတယ်လို့ မြို့ခံတချို့ကပြောပါတယ်။

ပြီးခဲ့တဲ့စနေညပိုင်းကစလို့ ဒီယာဉ်တွေ လမ်းပေါ်မှာ အသုံးပြုခွင့်မရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကတဆင့် ကြေညာ ခဲ့သလို တနင်္ဂနွေနေ့မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့နောက်လိုက်တချို့ဟာ ဒလမြို့တွင်းက အဓိကလမ်းမတွေမှာ ဖမ်းဆီးစစ်ဆေးမှုတွေ စတင်ခဲ့တာတွေ့ရပါတယ်။
ဘာကြောင့် လျှပ်စစ်အသုံးပြုယာဉ်တွေကို ပိတ်ပင်ရတယ်ဆိုတာကို အာဏာပိုင်တွေက မြို့ခံတွေကို မပြောပါဘူး။
“ အုပ်ချုပ်ရေးမှူးရုံးကို သွားမေးတော့ အထက်က ညွှန်ကြားလို့ ပိတ်ရတာလို့ ပြောတယ်။ ဘာကြောင့် ပိတ်ရသလဲ ဆိုတာ သူတို့လည်း မသိဘူးလို့ အဲဒီက အစ်မက ပြောတယ်။ ‘လောလောဆယ်တော့ ထွက်မစီးနဲ့ဦး၊ အဆင်ပြေအောင်တော့ တစ်ခုခုပြန်လုပ်ပေးမှာပေါ့’လို့ သူက ပြောတယ်” လို့ ဒီကိစ္စကို သွားရောက်မေးမြန်းခဲ့တဲ့ ဒလမြို့၊ ၁၁/၁၄ ရပ်ကွက်မှာ နေထိုင်ပြီး ဘတ္ထရီစက်ဘီး အသုံးပြုအလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။
လိုင်းကားစနစ်မရှိဘဲ အနှေးယာဉ်နဲ့ သုံးဘီးဆိုင်ကယ်၊ လျှပ်စစ်သုံးဘီးနဲ့စက်ဘီးတွေကိုသာ အားပြု သွားလာနေကြရတဲ့ ဒလမြို့မှာ အခုလို တားမြစ်မိန့်ထုတ်တဲ့အတွက် စားဝတ်နေရေးထိခိုက်တယ်လို့ လျှပ်စစ်သုံးဘီးမောင်းသူတချို့က ပြောပါတယ်။
“ ဒီသုံးဘီးကရတဲ့ဝင်ငွေနဲ့ တစ်မိသားစုလုံး လည်ပတ်နေရတာ၊ စားသောက်နေရတာ။ အခု လမ်းပေါ် ထွက်ခွင့်မရှိဘူးဆိုတော့ ထမင်းအိုးကွဲသလိုပေါ့။ ဘာလုပ်ရမှန်းမသိဘူး” လို့ ကမာကဆစ်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။
ဒလမြို့မှာ နေထိုင်သူအများစုဟာ ရန်ကုန်မြို့ဘက်က အခြေခံလုပ်ငန်းခွင်တွေမှာ နေ့စဉ်သွားရောက် အလုပ်လုပ်ကြသူ အများစုဖြစ်ပြီး လျှပ်စစ်စက်ဘီး၊ လျှပ်စစ်သုံးဘီးနဲ့ အနှေးယာဉ်တွေကို အသုံးပြုကြသူတွေပါ။
ရန်ကုန်မြို့ဘက်က အခြေခံတစ်ရက်လုပ်အားခ တစ်သောင်းနဲ့ တစ်သောင်းခွဲကျပ်ကြားရတဲ့ အလုပ်မျိုးတွေမှာ အများစုလုပ်ကိုင်ကြရတာဖြစ်ပြီး လျှပ်စစ်စက်ဘီးနဲ့ လျှပ်စစ်သုံးဘီးတွေ အပိတ်ခံရတာက မိသားစုဝင်ငွေနဲ့ စားဝတ်နေရေးကို ထိခိုက်ကျပ်တည်းသွားစေတယ်လို့ မြို့ခံတစ်ချို့က ပြောပါတယ်။
“ အိမ်မှာ လျှပ်စစ်ဘီးရှိလား၊ ဘာလားဆိုပြီး မနေ့တုန်းက အုပ်ကြီးတွေက စာရင်းလာကောက်တာရှိတယ်။ ရှိတယ်ဆိုရင်လည်း လမ်းပေါ်ထွက်မစီးဖို့ ပြောတယ်” လို့ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးရွာမှာနေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ဒလမြို့တွင်းမှာ လျှပ်စစ်အသုံးပြုယာဉ်တွေ သွားလာမောင်းနှင်တာကို မတွေ့ရပါဘူး။ ဒီအတွက် အလုပ်သွား မယ့်သူတွေဟာ ပိုဈေးကြီးတဲ့ သုံးဘီးယာဉ်တွေကို အသုံးပြုရမှာမို့ နေ့စဉ်ဝင်ငွေထိခိုက်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ကလွဲရင် ကျန်မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ခွင့်ပြုထားပေမယ့် ဒလမြို့နယ်က အာဏာပိုင်တွေကတော့ ဆိုင်ကယ်လုံးဝစီးနင်းခွင့်မပြုဘဲ ပိတ်ပင်ထားတာ နှစ်ချီကြာမြင့်နေပြီဖြစ်ကာ ဒီလို တားမြစ်ခံရတဲ့အတွက် နောက်ဆက်တွဲ လူမှုစီးပွားထိခိုက်မှုတွေ ဖြစ်ပေါ်ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။