ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း လူငယ်အမျိုးသားတချို့ မကြာခဏပျောက်ဆုံးလာနေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ဒဂုံမြို့နယ်ကို ညပိုင်းအလုပ်သွားလုပ်ရင်း ပျောက်ဆုံးနေတာ လေးရက်ခန့်ကြာနေပြီလို့ အဲဒီပျောက်ဆုံးသွားသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ပျောက်ဆုံးသူရဲ့ မိသားစုက နီးစပ်ရာနေရာတွေ၊ ရဲစခန်းတွေမှာ သွားရောက်စုံစမ်းပေမယ့် လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။
အခုအနောက်ပိုင်း ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း အစရှိတဲ့မြို့နယ်တွေမှာဆိုရင်လည်း ညပိုင်းတွေမှာ လူငယ်တချို့ ပျောက်ဆုံးသွားတဲ့ သတင်းတွေ ရှိလာပါတယ်။
ညပိုင်းအလုပ်က နောက်ကျမှပြန်လာတဲ့လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
“အဲဒီ သတင်းတွေလည်း တစ်ခါတလေတွေ့ရတော့ အိမ်ကလည်း အမြဲစိတ်ပူပြီး ဖုန်းတောက်လျှောက် ဆက်နေရတယ်။ ညဘက်ပြန်တဲ့အချိန်တွေဆိုရင်လည်း စိုးရိမ်စိတ်တွေနဲ့ ပြန်နေရတယ်ပေါ့” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီလက်ထက် အသက်သွင်းလာတဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲလိုတဲ့ လူငယ်တွေ ရှောင်တိမ်းထွက်ပြေးတာတွေလည်း နေရာဒေသအသီးသီးမှာဖြစ်နေပြီး စစ်ကောင်စီဟာ လူငယ်တွေကို ပြည်ပထွက်ခွင့်တွေကိုလည်း ပိတ်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကိုဖော်ပြနေတဲ့ မြို့နယ်အလိုက် ကင်းထောက်စောင့်ကြည့်ရေး ချန်နယ်တချို့မှာလည်း စစ်ကောင်စီဟာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေပြုလုပ်လာတဲ့ သတင်းတွေကို ခပ်စိပ်စိပ် ဖော်ပြလာကြပါတယ်။
အခုလ ၂၇ ရက်က တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧည့်စာရင်းဝင်စစ်ခဲ့ပြီး လူငယ်နှစ်ဦးကို စစ်မှုထမ်းအတွက်ဆိုကာ ဖမ်းဆီးသွားတယ်လို့ တောင်ဒဂုံမြို့နယ် ကင်းထောက်အဖွဲ့က အသိပေးဖော်ပြထားပါတယ်။
အလားတူပဲ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက်က္ကဆံရပ်ကွက်၊ ငမောက်လမ်းအနီးမှာ အခုလ ၂၇ ရက် ည ၇ နာရီဝန်းကျင်ခန့်က လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ Hlaing Info ကင်းထောက်အဖွဲ့က ဖော်ပြခဲ့ပါသေးတယ်။
ရန်ကုန်မြို့အပြင် တခြားနယ်မြို့တွေမှာလည်း စစ်ကောင်စီတပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ သတင်းဖော်ပြမှုတွေဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ဆက်တိုက်ရှိခဲ့ပါတယ်။
အခုလ ၂၆ ရက်က ပြည်မြို့ အေးမြသာယာရပ်ကွက်ထဲက လူငယ်နှစ်ဦးနဲ့ အောင်သီရိရပ်ကွက်က လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သတင်းတချို့မှာဖော်ပြခဲ့ပါတယ်။
အလားတူပဲ နတ်တလင်းမြို့မှာဆိုရင်လည်း အခုလ ၂၇ ရက်က ရန်ကုန်-ပြည်လမ်းပေါ်က စားသောက်ဆိုင်တစ်ခုအရှေ့မှာ လူငယ်တစ်ဒါဇင်ထက်မနည်းကို စစ်ကောင်စီက စောင့်ပြီးဖမ်းဆီးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီးလို့ လူသိများတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပေါက်ကိုယ်တော်ကလည်း အာဏာသိမ်းစစ်တပ်ဟာ လူငယ်တွေကို အတင်းအကျပ်ဖမ်းဆီးကာ စစ်သင်တန်းတွေကို ပို့နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတချို့ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ဝန်ခံပြောကြားခဲ့ပါသေးတယ်။
အခုလ ၁၆ ရက်က မန္တလေးတိုင်း တံတားဦးမြို့နယ်က အရပ်သား ၁၀၀ ကို ပေါ်တာဆွဲခဲ့ပြီး ပေါက်ကိုယ်တော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေအပါအဝင် လူငယ် ၄၅ ဦးကို စစ်သင်တန်းကို အတင်းအကျပ်ပို့ခဲ့တယ်လို့ ပေါက်ကိုယ်တော်က ပြောကြားခဲ့တာပါ။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ အတင်းအဓမ္မစစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာတွေကို ကြုံတွေ့ရပါက စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်တယ်လို့ စစ်မှုထမ်းဥပဒေ စတင်ထုတ်ပြန်စဉ် အခုနှစ် ဖေဖော်ဝါရီက သတင်းမီဒီယာတချို့ကို ပြောထားပါသေးတယ်။

🌐 Website
https://mawkun.com
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews