ရွှေသောင်ယံကမ်းခြေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းစောင့်ဆိုင်းနေ
ရန်ကုန် - ၂၀၂၅ ဇန်နဝါရီ ၁၄ (မော်ကွန်း)
အာရက္ခတပ်တော် (AA) ဟာ ရခိုင်တောင်ပိုင်းက ဂွမြို့နဲ့ ဂွတစ်ဖက်ကမ်းက ကျေးရွာတချို့ကို သိမ်းပိုက်လိုက်ပြီးနောက်မှာ စစ်ကောင်စီက ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေမှာ စစ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ဂွမြို့ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ AA တပ်တွေ သိမ်းပိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဂွတစ်ဖက်ကမ်းက မကျီးဇင်နဲ့ ကျောက်ချွန်ကျေးရွာတွေအထိ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဧရာဝတီတိုင်းကို စစ်ရေးအရခြိမ်းခြောက်လာတာပါ။
ကျောက်ချွန်ရွာနဲ့ မကျီးဇင်ရွာက ရဲကင်းစခန်းတွေ၊ စစ်ကောင်စီစခန်းချနေရာတွေကို AA တပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သိမ်းယူလိုက်တာလို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။
အခုလို AA တပ်တွေ ဂွတောင်ပိုင်းထိ တပ်ဖြန့်လာတဲ့အတွက် စစ်ကောင်စီကလည်း ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ ချောင်းသာနဲ့ ငွေဆောင်လမ်းပိုင်းတွေမှာ စစ်အင်အားတွေဖြည့်တင်းနေတယ်လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
“ကမ်းခြေကိုတော့ မပိတ်ထားဘူး။ ဖွင့်ပေးထားတယ်။ စစ်ကားတွေလည်း တောက်လျှောက်အင်အားဖြည့်နေတယ်။ ရွှေသောင်ယံမှာ အမြှောက်တပ်တွေအထိုင်ချနေတယ်။ တိုက်ပွဲတော့ အခုလက်ရှိမဖြစ်သေးဘူး။ နည်းနည်းငြိမ်နေသေးတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရွှေသောင်ယံကမ်းခြေနဲ့ ငွေဆောင်၊ ချောင်းသာ ကမ်းခြေလမ်းပိုင်းတွေမှာလည်း စစ်ကောင်စီက ဒေသတွင်းအသွားအလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“လမ်းမှာတော့ တော်တော်လေးအစစ်ဆေးကြမ်းနေတယ်။ မသင်္ကာရင် ဖုန်းတွေစစ်တာ၊ မှတ်ပုံတင်တွေစစ်တာတွေ သေချာလုပ်နေတယ်။ ရွှေသောင်ယံဘက်မှာလည်း စစ်ပွဲဖြစ်မှာစိုးလို့ ကြိုရှောင်တဲ့သူတွေလည်းရှောင်တယ်။ တချို့လည်း မရှောင်ကြသေးဘူး။ ဒီတစ်ရက်နှစ်ရက်လည်း လက်နက်ကြီးတွေ ဟိုဘက်ကို (ဂွမြို့ဘက်) တစ်ချက်နှစ်ချက်လှမ်းပစ်သံကြားရတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
အခုလ ၁၂ ရက်မှာတော့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ရွှေသောင်ယံမြို့ကို သွားရောက်တဲ့သတင်းတွေ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ ထုတ်ပြန်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ လာရောက်လည်ပတ်သူတွေလည်း အများအပြားရှိနေသေးပြီး ကားလမ်းတွေကိုလည်း ပိတ်ထားတာမရှိသေးဘူးလို့ ဒေသခံတချို့ကပြောပါတယ်။
လက်ရှိ ဧရာဝတီတိုင်းထဲကို စစ်ရေးအရ ခြိမ်းခြောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့အပြင် ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေလည်း ပူးပေါင်းပါဝင်နေပါတယ်။
ဂွမြို့ကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူနောက်မှာ ဂွတောင်ပိုင်းက ကမ်းခြေလမ်းပိုင်းတွေအပြင် ဂွအနောက်ခြမ်းက ရခိုင်ရိုးမကို ဖြတ်ကျော်ရတဲ့ ဂွတောင်ကြားလမ်းလို့ခေါ်တဲ့ ဂွ-ငသိုင်းချောင်း လမ်းပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဒီလမ်းပိုင်းပေါ်က စစ်ကောင်စီစခန်းတချို့ကို တော်လှန်ရေးတပ်တွေက သိမ်းယူလိုက်ပြီလို့လည်း ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။
၂၀၂၃ နိုဝင်ဘာလမှာစတင်ကာ ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကာလ တစ်နှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော် (AA) ဟာ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းအပါအဝင် မြို့ပေါင်း ၁၄ မြို့ထိ သိမ်းယူထားတာပါ။


