နွားထိုးကြီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံခုနစ်ထောင်ခန့် စစ်ဘေးရှောင်နေရ
ရန်ကုန် - ၂၀၂၅ မေ ၂၀ (မော်ကွန်း)
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့ထိ ငါးရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်ကြရတယ်လို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။

နွားထိုးကြီးမြို့နယ်ရဲ့ အရှေ့ဘက်က မြို့သာတိုက်နယ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကားလမ်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ငါးရက်ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်နေတာပါ။
စစ်ကောင်စီကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်နေပြီး ၎င်းတိုက်ပွဲတွေကြောင့် နွားထိုးကြီးမြို့ပေါ်နဲ့ နွားထိုးကြီးမြို့နယ်ထဲက ထန်းဂွ၊ ပဲချက်နဲ့ ဝက်လူးကျေးရွာတွေက ဒေသခံ ၇,၀၀၀ ခန့် နေရပ်တိမ်းရှောင်နေကြရတာပါ။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီလ ၁၅ ရက်မှာ တိုက်နယ်အဆင့်ရှိတဲ့ ဝက်လူးကျေးရွာက ရဲစခန်း၊ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့နေရာတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“၁၅ ရက်မနက် ၆ နာရီလောက်ကစပြီး တိုက်ပွဲတွေစဖြစ်တာ၊ လေကြောင်းရော မြေပြင်ရောပစ်ကြတာ၊ ဝက်လူးရွာက အဓိကဖြစ်တာ၊ နွားထိုးကြီးမြို့ပေါ်က အိမ်တွေကြားတွေထိရောက်လာနေတယ်။ အခြေအနေမကောင်းလို့ ကျွန်မတို့လည်း ရွာလုံးကျွတ်ပဲ ရှောင်နေရတယ်” လို့ ဝက်လူးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ၎င်းတိုက်ပွဲတွေကြောင့် နွားထိုးကြီးမြို့ပေါ်က စာသင်ကျောင်းတွေ၊ ဘဏ်တွေ၊ ဈေးနဲ့ ဆိုင်ခန်းတွေကိုလည်း ပိတ်လိုက်ရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကို လက်ရှိအချိန်ထိ တောင်ခံထားတာကြောင့် စခန်းမကျသေးဘူးလို့လည်း စစ်ကောင်စီလော်ဘီ ဝါဒဖြန့် တယ်လီဂရမ်တွေမှာလည်း ဖော်ပြထားပါတယ်။
ဝက်လူးကျေးရွာဟာ ဗျူဟာအရ အရေးပါတဲ့နေရာဖြစ်ကာ စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေအပြင် ပြည်သူ့စစ်တပ်တွေလည်း အင်အားအများအပြားချထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မြင်းခြံခရိုင်မှာရှိတဲ့ မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုတွေက အညာမြေစစ်ဆင်ရေးအမည်နဲ့ ခရိုင်အဆင့် ထိုးစစ်ဆင်စတင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့ကလည်း ဖော်ပြပါတယ်။
၎င်းတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မနေ့ကလည်း မြင်းခြံမြို့နယ် ကန်ဆင့်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။
ယနေ့နံနက် ၀၆၃၀ နာရီခန့်မှာ မန္တလေးတိုင်း တောင်သာမြို့ဝဲလောင်ဘက်အထွက် မင်္ဂလာဦး စစ်ဆေးရေးဂိတ်ကို PDF လို့ ယူဆရသူများက လာရောက်ပစ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင် မနေ့က တောင်သာမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။