စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ နောင်ချိုမြို့နယ်အဝင်မှာရှိတဲ့ ကျေးရွာတွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နောင်ချိုကို ပြန်လည်ရရှိရေးအတွက် ဒီလဆန်းပိုင်းကစပြီး ဝေဟင်ကရော၊ မြေပြင်ကပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ဒီရက်ပိုင်းအတွင်းမှာ နောင်ချိုမြို့နယ်က နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေ အသုံးပြုပြီး ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။
အခုတိုက်ပွဲဖြစ်နေတယ်လို့ ထုတ်ပြန်ထားတဲ့ ရွာတွေဟာ နောင်ချိုမြို့အဝင် နောင်ချို-တောင်ခမ်း လမ်းပိုင်းအနီးမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
မနေ့ကတော့ နောင်လင်ရွာနဲ့ နောင်ဖာအကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး အချက် ၄၀ နီးပါးနဲ့ ဒရုန်းနဲ့ ၁၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ နေအိမ်တစ်လုံးထိပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဟာ နောင်ချိုမြို့ပေါ်နဲ့ နီးကပ်နေတဲ့ မြို့အဝင်က ကျေးရွာတွေဖြစ်ပြီး မြို့ပေါ်မှာတော့ ဒေသခံစစ်ဘေးရှောင်တွေ ပိုတိုးလာတယ်လို့ နောင်ချိုဒေသခံတချို့က ပြောပါတယ်။
ညီနောင်မဟာမိတ်တပ်တွေက ငလျင်ဒဏ်ကြောင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေအတွက် တစ်ဖက်သတ်အပစ်ရပ် ကြေညာထားတဲ့ ကာလကို စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး နောင်ချိုကို အဆက်မပြတ် ထိုးစစ်ဆင်နေတယ်လို့လည်း TNLA က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ နောင်ချိုနဲ့အနီးတစ်ဝိုက်မှာ လက်နက်ကြီးသံတွေနဲ့ လေယာဉ်ပျံဝဲသံတွေ အဆက်မပြတ်ကြားနေရပြီး နောင်ချိုမြို့ပေါ်က ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရတာပါ။
စစ်ကောင်စီတပ်ဟာ အင်အားထောင်ချီအသုံးပြုပြီး နောင်ချို-တောင်ခမ်းလမ်းပိုင်းနဲ့ ပြင်ဦးလွင်-ဘန့်ဘွေး-နောင်ချို လမ်းပိုင်းဆိုပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ နောင်ချိုကို ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
လက်ရှိမှာ နောင်ချိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်တပ်တွေ မြေပြင်ထိတွေ့တိုက်ပွဲတွေ အပြင်းထန်ဆုံးအဆင့်ကို တကျော့ပြန် ရောက်ရှိခဲ့ပြီး TNLA နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကလည်း အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ကာ တန်ပြန်တိုက်စစ်ဆင်နေတယ်လို့ စစ်ရေးသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ TNLA အနေနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖြစ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တပ်တွေရဲ့ သင်တန်းသားသစ်တွေကို လက်နက်ဖြည့်တင်း တပ်ဆင်ပေးခဲ့ပါသေးတယ်။
၂၀၂၃ အောက်တိုဘာတုန်းက ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ TNLA နဲ့ မဟာမိတ်တွေဟာ မန္တလေးတိုင်း ပြင်ဦးလွင်ရဲ့ ဝင်ပေါက်နဲ့ နီးကပ်နေတဲ့ နောင်ချိုကို သိမ်းယူနိုင်ခဲ့တာပြီး တစ်နှစ်ကျော်အကြာမှာ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီက ပြန်လည်ကြိုးပမ်းလာတာပါ။
နောင်ချိုကို ဒီရက်ပိုင်းအတွင်း လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ရာနဲ့ချီပြီး ပြုလုပ်ထားပြီး မနေ့ကလည်း ကျောက်မဲမြို့ကို လေကြောင်းဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရသွားပါသေးတယ်။