စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ PDF တပ်တွေ စိုးမိုးထားတဲ့ သပိတ်ကျဉ်းနဲ့ စဉ့်ကူးမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းပြည်သူ့ကာကွယ်ရေးတပ်တချို့က ထုတ်ပြန်ထားပါတယ်။


မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တံတားဦးလေဆိပ်ကနေ ထွက်ခွာလာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ သပိတ်ကျဉ်းမြို့နယ် ကြက်ရိုးပင်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
၎င်းတိုက်ခိုက်မှုမှာ ကြက်ရိုးပင်ရွာ ဘုန်းတော်ကြီးကျောင်းထိမှန်ခဲ့ကာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားပြီး ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့သုံးရက်က စဉ့်ကူးမြို့ပေါ်က မြသိန်းတန်ဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းဆောင် နှစ်ခု ပျက်စီးခဲ့ပါသေးတယ်။
အခုလ ၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာနဲ့ သပိတ်ကျဉ်းမြို့နယ် လေးမိုင်မှာရှိတဲ့ စာသင်ကျောင်းတစ်ခု၊ ဟိုတယ်တစ်ခုတို့ကို တစ်ပြိုင်နက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖက ထုတ်ပြန်ပါတယ်။
၎င်းမြို့တွေမှာ လက်တလော မြေပြင်တိုက်ပွဲ ကြီးကြီးမားမားမရှိပေမယ့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ ဆက်တိုက်ရှိနေတယ်လို့ ၎င်းဒေသခံ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
“အဲဒီဘက်ကတော့ အရင်တိုက်ပွဲတွေဖြစ်တည်းက မြို့ကပျက်စီးနေပြီ လူတွေလည်းသိပ်မရှိတော့ပါဘူး။ သွားလို့လည်းမရသေးဘူး” လို့ သပိတ်ကျဉ်းမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်းထဲက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမြို့တွေဖြစ်တဲ့ စဉ့်ကူး၊ သပိတ်ကျဉ်းမြို့တွေကို ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာပါ။
၎င်းမြို့နယ်တွေမှာ NUG အောက်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ မြို့တွေလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း သပိတ်ကျဉ်းမြို့နယ် လိပ်ကျကျေးရွာမှာရှိတဲ့ ရွှေလုပ်ကွက်တစ်ခုကို စစ်ကောင်စီက ဗုံးကြဲတာကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့ပါသေးတယ်။