အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားသုံးဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မနေ့ကည ၁၁ နာရီကျော်မှာ ဂျက်ဖိုက်တာလေယာဉ်နှစ်စီးနဲ့ သံတွဲမြို့က အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်တွေပေါ် ကြဲချခဲ့တာဖြစ်ပြီး အမှတ် ၁ ရပ်ကွက်မှာ လူထိခိုက်မှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။
" အဖွားတစ်ယောက်က ပေါင်တဖက်ပြတ်သွားတယ်။ နောက်ထပ်သက်ကြီးပိုင်း နှစ်ယောက်ကတော့ လက်တွေနဲ့ ခန္ဓာကိုယ်တွေ ဒဏ်ရာရရှိသွားပါတယ်။ လက်ချောင်းလေးတွေလည်း ပြတ်ထွက်သွားပါတယ်။ နေအိမ်တွေလည်း မီးလောင်သွားကြတာ ရှိတယ်" လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် သံတွဲမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မြေစာရင်းရုံးအနီးကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
ဒီလ ၁၇ ရက် နေ့လယ်ပိုင်းတုန်းကလည်း သံတွဲမြို့ကို လေကြောင်းကနေ စစ်ကောင်စီက ဗုံးကြဲခဲ့သေးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ တုန်းက ကြဲချခဲ့တဲ့ ဗုံးကြောင့် အရပ်သား ရှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ကမ္ဘာကျော်ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့ကို AA က ဒီနှစ် စက်တင်ဘာ ၅ ရက်ကတည်းက သိမ်းနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ကတော့ မြို့ကို ဗုံးကြဲနေတာ ဖြစ်ပါတယ်။ အဲဒီစက်တင်ဘာလ ၂၆ ရက်မှာ စစ်ကောင်စီက သံတွဲမြို့ကို လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ကလေးသူငယ်တွေအပါအဝင် ၁၄ ဦး အစုအပြုံလိုက်သေဆုံးခဲ့ရပြီး ၂၅ ဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။
တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်တဲ့ AA ထိုးစစ်ကြောင့် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်မှာသာ ခြေချနိုင်တော့တဲ့ အခြေအနေရောက်နေပြီဖြစ်ပါတယ်။