အပစ်ရပ်မယ်လို့ စစ်ကောင်စီထုတ်ပြန်ထားပေမယ့် ဝိုင်းမော်မှာတိုက်ပွဲတွေဖြစ်
ရန်ကုန် - ၂၀၂၅ ဧပြီ ၃ (မော်ကွန်း)
ငလျင်ဘေးသင့် ကာလအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယာယီအပစ်ရပ်ကြေညာထားပေမယ့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံတချို့က ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ရဲ့အရှေ့ဘက် ဝါရှောင်ကျေးရွာကိုသွားတဲ့လမ်းမှာ ဒီမနက်အစောပိုင်းကစပြီး လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေပြုလုပ်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဝိုင်းမော်-ဝါရှောင်လမ်းပေါ်မှာ လမြန်ကျေးရွာရှိတယ်။ အဲဒီနားက ရော်ဘာခြံတွေဘက်မှာ ပစ်နေကြတယ်။ မနေ့ညတည်းကပစ်နေတာ။ လက်နက်ကြီးသံတွေတဒုန်းဒုန်းပဲ။ လေယာဉ်သံလည်း ကြားရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းဒေသကို ခြေလျင်စစ်ကြောင်းထိုးလာသလို လေကြောင်းကနေ ပစ်ခတ်တာတွေ စတင်လုပ်ဆောင်လာတဲ့အတွက် ၎င်းတို့ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သူတို့ကိုယ်တိုင် မလိုက်နာတာဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်း သတင်းတချို့မှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ မနေ့ကညပိုင်းကနေ ဒီလ ၂၂ ရက်ထိ ရက်ပေါင်း ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲမယ့်ကြေညာချက်ကို မနေ့ကထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် ဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တာတွေ၊ နယ်မြေချဲ့ထွင်တာနဲ့ အင်အားစုဆောင်းတာပြုလုပ်ရင်တော့ လိုအပ်တဲ့တုံ့ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့လည်း ထည့်သွင်းထုတ်ပြန်ထားတာပါ။
အဲဒီလိုထုတ်ပြန်ပြီးတဲ့နောက် ဒီကနေ့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာပဲ ဝိုင်းမော်- ဝါရှောင်လမ်းပေါ်က လမြန်ကျေးရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပြင် အောက်အင်းတော်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KIO က ဆိုပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ သူတို့အပစ်ရပ်ကြေညာတာကို သူတို့ကိုယ်တိုင် ချိုးဖောက်တာလို့ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။
"ဝိုင်းမော် လမြန်ဘက်တော့ ဒီကနေ့မနက် ၇ နာရီဝန်းကျင်ကနေ သူတို့ဘက်ကနေအရင်(စစ်တပ်) လက်နက်ကြီးနဲ့ "လို့ ဆိုပါတယ်။
ဒီလိုကြေညာပြီးနောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဘက်ကလည်း ရက်ပေါင်း ၂၀ ကြာ ထိုးစစ်တွေရပ်နားခဲ့ပြီး စစ်ကောင်စီအနေနဲ့ အပစ်ရပ်ကြေညာချက်ကို ကိုယ်တိုင်လိုက်နာဖို့လိုမယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ AA ၊ TNLA နဲ့ MNDAA သုံးဖွဲ့ကလည်း ငလျင်ဘေးကာလအတွင်း တစ်လကြာ ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ထုတ်ပြန်ထားတာပါ။