ဂျက်ဖိုက်တာ စက်ချို့ယွင်းပျက်ကျခြင်းသာဖြစ်ကြောင်း စစ်ကောင်စီတုန့်ပြန်
ရန်ကုန် - ၂၀၂၅ ဇွန် ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စင်းကို ဒီနေ့မွန်းလွဲပိုင်းမှာ ပစ်ချလိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီကတော့ စက်ချို့ယွင်းပျက်ကျခြင်းသာဖြစ်ကြောင်း နာရီပိုင်းအတွင်းတုန့်ပြန်လာပါတယ်။

၎င်းလေယာဉ်ဟာ လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်နေစဉ် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ အရှေ့ဘက် မီတာ ၂,၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာအနီးအရောက် စက်ချို့ယွင်းတာကြောင့် မြေပြင်ပေါ်ပျက်ကျပြီး မီးလောင်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နှစ်စင်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပစ်ချခဲ့စဉ်ကလည်း စစ်ကောင်စီအနေနဲ့ အထက်ပါအတိုင်း စက်ချို့ယွင်းလို့ ပျက်ကျခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
လက်ရှိမှာ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာ စစ်ကောင်စီရဲစခန်းကို PLA နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်နေပြီး ၎င်းတိုက်ပွဲကိုပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို ပစ်ချနိုင်ခဲ့တာလို့ လေယာဉ်အပျက်အစီးဓါတ်ပုံတွေနဲ့တကွ PLA က ထုတ်ပြန်ထားတာပါ။
ယင်းမာပင်ခရိုင် ပုလဲမြို့နယ်က ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ စိုးမိုးထားတဲ့ ဇီးဖြူကုန်းနဲ့ ကန့်ဒေါင့် ကျေးရွာတွေကို ဒီရက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်တိုက်နေတာကြောင့် မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကန့်ဒေါင့်ကို PLA က ဦးဆောင်တိုက်နေတယ်။ ဇီးဖြူကုန်း ပျူစောထီးရွာကို PDF တပ်ရင်းတွေက တိုက်နေတာ။ အခုလေယာဉ်တွေက အဲဒီနေရာတွေကို ပတ်ကြဲတုန်း ပစ်ချခံရတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။
လက်ရှိမှာ ပစ်ချလိုက်တဲ့ လေယာဉ်အမျိုးအစားနဲ့ လေယာဉ်မှူးသေဆုံးမှုရှိမရှိကို ဆက်လက်စိစစ်နေဆဲလို့ PLA က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာအနီးတစ်ဝိုက်က ဒေသခံတွေထောင်နဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


