ရန်ကုန်မှာ နိုင်ကျဉ်းတစ်ဦးကို ရဲအစောင့်အကြပ်တွေကြားက ပစ်ခတ်ကယ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်လည်အဖမ်းခံခဲ့ကြရ
ရန်ကုန်- ၂၀၂၅ ဇူလိုင် ၂ (မော်ကွန်း)
လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းမှာဖမ်းထားတဲ့ မဇွန်ပွင့်လှိုင်ကို ဆေးကုပေးဖို့ လှိုင်သာယာမြို့နယ်ဆေးရုံကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေခေါ်ထုတ်လာစဉ် မြို့ပြယူဂျီတစ်ချို့က မနေ့ကညပိုင်းမှာ ကြားဖြတ် ပစ်ခတ်ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်ဖမ်းမိထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။

မနေ့က ည ၇နာရီခွဲခန့်မှာ စက်မှုဇုန်(၂)၊ မင်းကြီးမဟာမင်းခေါင်လမ်းအရောက်မှာ မဇွန်ပွင့်လှိုင်ကိုခေါ်လာတဲ့ကားကို ယူဂျီတွေက စောင့်ကြိုပစ်ခတ်ကယ်ထုတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဒုရဲအုပ်အမျိုးသားတစ်ဦးသေခဲ့သလို အမျိုးသမီးဒုရဲအုပ်တစ်ဦးလည်း ပုခုံးကျည်သင့်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီဟာ မနေ့ကညပိုင်းမှာ ရန်ကုန်တစ်မြို့လုံးကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ အဝင်အထွက်ဂိတ်တွေအပါအဝင် ရန်ကုန်မြစ်ကြောင်းမှာ သွားလာနေတဲ့ လူစီးကူတို့လှေတွေကိုပါပိတ်ပြီး ရှာဖွေတာတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။
ကယ်ထုတ်ခံရတဲ့ မဇွန်ပွင့်လှိုင်နဲ့ အမျိုးသားငါးဦးကို လက်နက်တွေနဲ့အတူ ဒီနေ့ မနက်ပိုင်းမှာ သန်လျင်မြို့နယ်၊ ဘောသပြေကန်ရွာအနီးမှာ ပြန်မိထားတယ်လို့ ဓါတ်ပုံတွေနဲ့တကွ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
“ညက ဖြစ်ဖြစ်ချင်း လုံခြုံရေးအဖွဲ့တွေဆီကို အဲဒီကောင်မလေးပုံနဲ့တကွ သူတို့ကွန်ယက်ဓါတ်ပုံတွေ တန်းဝင်လာတာပဲ။ အဲဒါကို ပိတ်ဆို့ရှာဖွေရေး လုပ်ပေးရတာ။ သူတို့ ဓါတ်ပုံတွေက တစ်တိုင်းလုံးဖြန့်ထားတာဆိုတော့ ပြန်မိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်” လို့ ဒလမြို့မှာနေထိုင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဖြန့်ဝေနေတဲ့ ဓါတ်ပုံတွေထဲမှာတော့ မဇွန်ပွင့်လှိုင်အပါအဝင် လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသားငါးဦးကို လက်နက်ငယ်၊ လက်ပစ်ဗုံးတွေနဲ့တကွ ဒူးထောက်ထိုင်ခိုင်းထားပြီး တချို့ရဲ့ မျက်နှာတွေမှာ ဒဏ်ရာရထားတာကိုလည်း တွေ့ရပါတယ်။
“ လှိုင်သာယာမှာ မနေ့ကညကတည်းက ဧည့်စာရင်းတွေနဲ့ ရှာဖွေရှင်းလင်းရေး လုပ်နေတယ်လို့ သိရတယ်။ ပြန်မိတယ်ဆိုတာ ဖြစ်နိုင်တယ်။ လမ်းကြောင်းအားလုံး ကြပ်နေတဲ့အချိန်လည်း ဖြစ်နေတယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီမတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆေးဝါးကုသခွင့် အခွင့်အရေးပေါ် ပိုမိုဖိနှိပ်လာနိုင်တယ်လို့လည်း သူကခန့်မှန်းတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM) ရဲ့ စာရင်းတွေအရ ဆေးဝါးကုသခွင့်မပေးဘဲ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ဒီနှစ်ထဲမှာ အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးအထိ ကျဆုံးခဲ့ပြီလို့ ဖော်ပြပါတယ်။