ယင်းမာပင်မှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သားပြည်သူ လေးဦးသေဆုံး
ယင်းမာပင် - ၂၀၂၄ ဩဂုတ် ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့က အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားပြည်သူ သုံးဦး ပွဲချင်းပြီးနဲ့ ဆေးရုံမှာတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ယင်းမာပင်ခရိုင် ရဲတပ်ရင်း ၂၈ ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီးနောက် ယင်းမာပင်၊ အောင်ဇေယျမြို့သစ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၁၂၀ မမလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။
" ယင်းမာပင်မြို့နယ် ထန်းတောကြီးရွာ အရှေ့ပိုင်းကိုကျတယ်ဗျ၊ ကွမ်းယာရောင်းတဲ့ဆိုင် နေအိမ်ပေါ်ကျတာပေါ့၊ ဆိုင်ပိုင်ရှင်မိသားစု လေးယောက်နဲ့ ကွမ်းယာလာဝယ်သူ လေးယောက်လက်နက်ကြီးမှန်တယ်ဗျ၊ အားလုံးထဲကမှ ၃ယောက်နေရာတင်ပွဲချင်းပြီးသေဆုံးတယ်"လို့ ဒေသတွင်းလူမှုကူညီရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သေဆုံးသူတွေဟာ ယင်းမာပင်မြို့နယ်၊ ကျေးစာကျရွာက ကိုလွှမ်းမိုး၊ ထန်းတောကြီးရွာက ဆယ်ကျော်သက် ကိုဖိုးဝနဲ့ အမည်မသိတစ်ဦးလို့ ဒေသခံကပြောပါတယ်။
ဒီနေ့နံနက်ပိုင်းမှာတော့ ဒဏ်ရာရသူတွေထဲက စိုးရိမ်ရတဲ့သူတစ်ဦးဟာ ထပ်မံသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် ကျေးစာကျရွာ၊ ပေကုန်းရွာ၊ထန်းတောကြီးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးကာလမှာ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူဟာ အနည်းဆုံး ၅,၄၈၀ ကျော်ရှိလာပါပြီ။
Website
https://mawkun.com
Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
Youtube
https://youtube.com/@mawkunmagazine494/community
TikTok
https://tiktok.com/@mawkun.magazine
X
https://x.com/MawKunMM
Substack
https://mawkunmagazine.substack.com/
Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews