ပဲခူး၊ ဘောနက်ကြီးရွာအနီး စလူတမံတဝိုက်ကို စစ်ကောင်စီကစစ်ကြောင်းထိုးဖို့ ဒေသခံတွေကို မောင်းထုတ်
ပဲခူး - ၂၀၂၄ ဇူလိုင် ၂၂ (မော်ကွန်း)
ပဲခူးမြို့နယ်၊ ဘောနက်ကြီးရွာအနီး စလူတမံအနီးတွင် ကျေးရွာရာအိမ်မှူးနှင့် ၎င်း၏ယောက်ဖတို့ကို PDF များက ဖမ်းဆီးသတ်ဖြတ်လိုက်တာကြောင့် စစ်ကောင်စီတပ်တွေက စလူတမံတဝိုက်ကို စစ်ကြောင်းထိုးဖို့ ဒေသခံတွေကို မနေ့ကမောင်းထုတ်လိုက်ပါတယ်။
စလူတမံနဲ့ စလူကြိုးဝိုင်းကို မှီခိုနေထိုင်တဲ့ ရာနဲ့ချီတဲ့ရွာသားတွေဟာ စစ်ကောင်စီတပ်တွေက ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် တစ်ပိုင်တစ်နိုင်ပစ္စည်းတွေသယ်ဆောင်ကာ အမြန်ပြောင်းရွှေ့နေကြရပါတယ်။
“တစ်နွေလုံး ဒုက္ခခံပြီးနေလာရတာ၊ ခုလိုမိုးကျမှ ငါးလေးဖမ်း၊ မျှစ်လေးချိုးပြီး ငွေရှာရမယ့်အချိန်။ ခုကျ အကုန်ထွက်ကြဆိုတော့ ဒုက္ခရောက်တာပေါ့။ ဘယ်ချိန်မှ ပြန်လာလို့ရမလဲ မသိသေးပါဘူး” လို့ ပြောင်းရွှေ့ဖို့မိသားစုလိုက်ထွက်လာတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဇူလိုင်၂၀ ရက် ညသန်းခေါင်က စလူကြိုးဝိုင်းအတွင်းအခြေပြုတဲ့ PDF တွေက ၎င်းရာအိမ်မှူးအိမ်ကို ဝိုင်းပတ်ပိတ်ဆို့ပြီး ရာအိမ်မှူးရဲ့မိသားစုတွေကို ကြိုးနဲ့တုပ်ထားခဲ့တယ်လို့ စလူတမံအနီးနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဖမ်းဖို့လာတော့ သူ(ရာအိမ်မှူး)ကရှောင်သွားတာ။ သူ့မိသားစုတွေကို ကြိုးနဲ့တုပ်ထားလိုက်တော့မှ သူနဲ့သူ့ယောက်ဖရောက်လာပြီး PDF တွေက ဖမ်းသွားတာ။ အစကတော့ စစ်မေးဖို့ဖမ်းသွားတယ်ပဲကြားတာ၊ ဒီနေ့လယ်ကျမှ အလောင်းလာပစ်သွားတာ” လို့ ၎င်းဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့လက ရွာမင်္ဂလာဆောင်အလှူကိုပြန်လာတဲ့ PDF လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်သတ်လိုက်တာကြောင့် နေရာမှာတင်သေဆုံးခဲ့ပါသေးတယ်။
“အဲဒီ့ဖြစ်စဉ်မှာ သတင်းပေးလို့ သူတို့ကိုလာခေါ်ပြီး သတ်သွားတာလည်းဖြစ်နိုင်တယ်” လို့ ၎င်းစလူဒေသခံကပြောပါတယ်။
စလူကြိုးဝိုင်းနဲ့ ဇောင်းတူဆည်တဝိုက်မှာ PDF အများအပြားလှည့်လည်သွားလာနေတတ်ပြီး တစ်ခါတစ်ရံ ထိတွေ့တိုက်ပွဲတွေလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပဲခူး - ဇောင်းတူလမ်းမပေါ်က စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးတင်းကြပ်ထားသလို စစ်ကောင်စီတပ်သားတွေတင်ဆောင်လာတဲ့ ထရပ်ကားသုံးစီး လှည့်ပတ်သွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စလူတမံဟာ ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင်၊ ဘောနက်ကြီးလမ်းခွဲကနေ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ တည်ရှိတာပါ။.



