အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆောက်လုပ်ရေးဈေးကွက်အတွင်းမှာ ဘိလပ်မြေ ပြတ်လပ်နေပြီး ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။

မတ်လ ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ နေအိမ်အဆောက်အအုံတွေ အများအပြားပျက်စီးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပြည်တွင်းမှာ ဘိလပ်မြေဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်း နှစ်ဆကျော် မြင့်တက်ခဲ့တယ်လို့ ဆောက်လုပ်ရေး လုပ်ကိုင်သူတချို့က ပြောပါတယ်။
အခုလို ဈေးနှုန်းမြင့်တက်နေတဲ့အပြင် ဈေးကွက်ထဲမှာ ဘိလပ်မြေ ဝယ်ယူလို့မရတာကြောင့် ဆောက်လက်စ အဆောက်အအုံတွေကိုလည်း ရပ်ထားရတယ်လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးက ပြောပါတယ်။
“ဈေးကလည်း အရင်ထက် နှစ်ဆတက်သွားတာ၊ အခု အဲဒီဈေးနဲ့ ဝယ်ရင်တောင် ဘယ်မှာရှာဝယ်ရမယ်မသိဘူး။ အိမ်က တစ်ဝက်တစ်ပျက်နဲ့ပဲ ရပ်ထားတယ်” လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေး ကန်ထရိုက်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ လူသုံးများတဲ့ Alpha တံဆိပ်ဘိလပ်မြေဟာ စစ်ကိုင်းငလျင်ကြီး မလှုပ်ခတ်ခင်က တစ်အိတ်ကို ကျပ်နှစ်သောင်းဝန်းကျင်မှာပဲရှိရာက လက်ရှိမှာ တစ်အိတ်ကို ကျပ်လေးသောင်းကျော်ထိ ရောက်ရှိသွားတာပါ။
ဒါ့အပြင် စစ်ကောင်စီက ဘိလပ်မြေတစ်အိတ် ကျပ် ၁၇,၀၀၀ နှုန်းနဲ့ပဲ ရောင်းချရမယ်လို့ ဈေးသတ်မှတ်ခဲ့ပြီး ဒီနှုန်းထက်ပိုရောင်းရင် အရေးယူမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဘိလပ်မြေဈေးကို သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချတဲ့ အရောင်းဆိုင် ၆၀ ကျော်နဲ့ ဆိုင်ပိုင်ရှင် ရှစ်ဦးကိုလည်း အရေးယူထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာ ဘိလပ်မြေဈေးကွက်မှာ လက်သိပ်ထိုးရောင်းချရတဲ့ အခြေအနေဖြစ်နေပြီး ဝယ်ယူရခက်ခဲတဲ့ အခြေအနေဖြစ်လာတယ်လို့ ဆောက်လုပ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။
“အခု ဘိလပ်မြေပြတ်ရတဲ့ကြောင်းကတော့ ငလျင်လှုပ်နေတဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့ကိုပဲ အဓိကထားပြီး ရောင်းခိုင်းထားတယ်လို့ သိရတယ်။ တခြားမြို့တွေကလည်း ဆိုင်တွေက မရောင်းရဲဘူး။ ဓါတ်သိတွေပဲ လက်သိပ်ထိုးရောင်းပေးတာမျိုးဖြစ်လာတယ်” လို့ ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးက ပြောပါတယ်။
မြေငလျင်ကြောင့် အပျက်အစီးများခဲ့တဲ့ မန္တလေး၊ စစ်ကိုင်းမြို့တို့မှာလည်း စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သံ၊ သွပ်တို့ကို ပြင်ပပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချတဲ့ ဈေးပွဲတော်တွေကိုလည်း ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
၎င်းဈေးပွဲတော်တွေမှာ ဝယ်ယူမယ်ဆိုရင်တော့ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၁၇,၀၀၀ နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပြီး ဝယ်ယူမယ့်သူအနေနဲ့လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယားအပြင် နေအိမ်အပျက်အစီးရဲ့ ဓါတ်ပုံမှတ်တမ်းတွေပြပြီးမှ ဝယ်ယူခွင့်ပြုနေတာပါ။
အခုလိုရောင်းချပေးရာမှာလည်း လိုသလောက် ဝယ်ယူလို့မရဘဲ အကန့်အသတ်တွေနဲ့ပဲ ရောင်းချပေးနေတာလို့ မန္တလေးမြို့က ဒေသခံတချို့က ပြောပါတယ်။
နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ၎င်းငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ခြောက်သောင်းကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ၎င်းငလျင်လှုပ်ခတ်ပြီး တစ်လခွဲကျော်ကြာတဲ့အထိ နေအိမ်အများအပြားဟာ ပြန်လည်နေထိုင်ဖို့နဲ့ ပြင်ဆင်မှုတွေ မစတင်နိုင်သေးဘဲ၊ လူပေါင်း သောင်းနဲ့ချီ အိုးအိမ်မဲ့ခဲ့ပြီး ယာယီခိုလှုံရာ နေရာတွေမှာ နေထိုင်နေကြရတာပါ။