ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို ဒီနေ့မှာပြန်ဖွင့်ပေးလိုက်ပြီလို့ ကချင်ဒေသခံ သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ၎င်းခရီးစဉ်အတွင်းမှာပဲ ပိတ်ထားတဲ့နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ခဲ့တာပါ။
KIA တပ်တွေဟာ ဒီနှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုက်တီနဲ့ ပန်ဝါနယ်စပ်ဂိတ်တွေအပါအဝင် ကချင်ပြည်နယ်က တခြားမြို့တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပါ။
ကချင်ပြည်နယ်က တရုတ်နယ်စပ်တစ်လျှောက်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို စတင်ပိတ်လိုက်ပါတယ်။။
ဒီနယ်စပ်ဂိတ်တွေဟာ တရုတ်နိုင်ငံဘက်ကို ငှက်ပျောသီကားတွေ၊ ရွှေနဲ့ မြေရှားဓါတ်သတ္တုတွေ အဓိက တင်ပို့နေတဲ့ လမ်းကြောင်းတွေဖြစ်ပြီး ကချင်ပြည်နယ်ဒေသခံတွေကလည်း တရုတ်နိုင်ငံကနေ စက်သုံးဆီအပါအဝင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းနေရတာပါ။
အခုလ ၈ ရက်မှာတော့ KIA ခေါင်းဆောင်တွေကို တရုတ်နိုင်ငံရဲ့ အဆင့်မြင့်အရာရှိဖြစ်တဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ (CPPCC) အဖွဲ့ဝင် Wu Ken ကတရုတ်နိုင်ငံကို ခေါ်ယူ တွေ့ဆုံခဲ့တာပါ။
ဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်တွေကို ဆွေးနွေးဖွယ်ရှိတယ်လို့ လေ့လာစောင့်ကြည့်သူတချို့က သုံးသပ်နေကြတာပါ။
ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မှာ တရုတ်နိုင်ငံကနေ ပြန်လာမယ်လို့ သတင်းတွေထွက်လာပြီးနောက်မှာ အခုလို နယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်တာဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဂိတ်တွေ အကုန်လုံးဖွင့်လိုက်တာ။ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဒီနေ့ပြန်ရောက်မယ်လို့ ဖွင့်လိုက်တာလို့ သတင်းထွက်နေတယ်။ အဲဒါကြောင့်ဖွင့်လိုက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘယ်လိုလာမလဲမသိသေးတော့ အဝင်အထွက်တွေတော့ မလုပ်သေးဘူး။ စောင့်ကြည့်နေတုန်းပဲ” လို့ ၎င်းကချင်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတာပါ။